ပါဝင်သူများ
ကိုရင်ကျော် ။ အရှင်မင်းကြီး
ဂျူပီတာ ရင်မောင် ။ ၀န်မင်း
မေသဇင် ။ အရပ်သူ
နောက်ခံအပြင်အဆင် ။ ရပ်ကွက်တစ်ခု၏ လမ်းတစ်လမ်း
ကိုရင်ကျော်သည် ဘုရင်မင်းတရားကြီး၏ အ၀တ်အစားနှင့် အိနြေ္ဒရရ ထွက်လာစေ။
ဂျူပီတာ ရင်မောင်သည် ၀န်မင်း အ၀တ်အစားနှင့် နောက်တော်ပါးက ခစားလျက် လိုက်ပါလာစေ။
တစ်နေရာရောက်သော် ရပ်လိုက်၏။
“မင်းကြီးနဲ”
“မင်းကြီးများ လုပ်ပါ ကိုရင်ကျော်ရယ်”
“မင်းကြီးဆိုလို့ မင်းတစ်ယောက်ထဲမဟုတ်လား။ ကျန်တဲ့ သူတွေ ညက မန်ယူပွဲကြည့်ပြီး အခုထိ မထကြသေးလို့ မောင်မင်းတစ်ယောက်ထဲ အခစားဝင်နိုင်တာမဟုတ်လားကွဲ”
“မှန်လှပါ …………….အသေမင်းကြီး”
“အရှင်မင်းကြီးလုပ်ပါ ၀န်မောင်ရယ်”
“ဘယ်သူဖြစ်ဖြစ် ရှင်ပြီးရင်သေရမှာပါဘုရား”
“တရား ရတယ်ပေါ့လေ၊ ငါကိုယ်တော် ဆင်ဖြူတော်စီးပြီး တိုင်းခန်းလှည့် လည်လာတာ ဘယ်အတွက်လဲကွဲ့”
“ဆင်ဖြူတော်လဲ မမြင်ပါလား၊ ဘယ်နှယ်စကားထဲထည့်ပြောနေတာလဲ”
“ဇာတ်လမ်းအရ ဘုရင်လုပ်မှတော့ ၊ မောင်မင်း အနေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး ပြောမှပေါ့ ၀န်မောင်ရဲ့”
“သည်းခံတော်မူပါဘုရား၊ အရှင်မင်းကြီး တိုင်းခန်းလှည့်လည်လာတဲ့ အကြောင်းက ပြည်သူ၊ ပြည်သားတွေ အခြေအနေကို သိချင်လို့မဟုတ်ပါလားဘုရား”
“ဟုတ်ပေတယ် ၀န်မောင်ရယ်၊ ငါကိုယ်တော် ရှုမျှော်လို့ ကြည့်လိုက်အုံးမယ်”
မင်းတရားကြီး ကိုရင်ကျော်သည် မျက်စိကစား အနီးအပါးကို ဝေ့၀ိုက်ကာ ကြည့်ရှုတော် မူလေ၏။
မင်းသမီး မေသဇင်သည် အ၀တ်အစားကို သာမန်အရပ်သူ တစ်ယောက်ကဲ့သို့ ၀တ်ထားပြီး ထမင်းအိုးကို မြေကြီးပေါ်သို့ ငှဲ့ချနေလေသည်။
ထိုအချင်းအရာကို မင်းကြီးမြင်လေသော် ………..
“အလို…………၀န်မောင်၊ ဟိုမှာကြည်းစမ်းပါအုံး”
“ဘယ်မှာလဲ ဘုရား”
“ဟိုသူငယ်မ”
“ဟေ့သူငယ်မရာ လှလို့ ၀လို့ဗျာ၊ အသားလေး ၀င်းဝါ၀ါ”
“ဟဲ့ဝန်မောင် ကြော်ညာမ၀င်နဲ့ ကေသီပန် သွေးပုတ်ချဆေး ရောင်းနေတာမဟုတ်ဘူး”
“မှန်လှပါ အရှင်မင်းကြီးက ဟိုသူငယ်မ ဆိုတော့ ဆိုမိတာပါဘုရာ့”
“ဟိုသူငယ်မကို မြင်လား”
“မြင်ပါတယ်ဘုရား”
“နောက်တော်သွင်းစေ”
“ရှေ့တော်သွင်းစေ လုပ်ပါ ကိုရင်ကျော်ရယ်”
“နောက်တော်သွင်းတော့ လူမသိဘူးပေါ့ ၀န်မောင်ရယ်”
“မှန်လှပါ”
ဝန်မောင် သည် ထမင်းရည်ငှဲ့နေသော မေသဇင်ကို သွားခေါ်ပြီး မင်းတရားကြီး ကိုရင်ကျော်ထံ အခစားဝင်စေ၏။
“ဟဲ့သူငယ်မ”
“ဘုရား………..ဘုရား…………….ဘုရား……………….မှန်လှပါဘုရား”
“တစ်ခွန်းထဲထူးလဲ ရတာဘဲ”
“နင်အသာနေပါ ၀န်မောင်ရယ်၊ ငါကိုယ်တော် စစ်ဆေးတော်မူမယ်”
“တပည့်တော်မ ဘာအပြစ်များ ကျူးလွန်မိလို့ပါလဲဘုရား”
“နင့် အပြင် နင်မသိဘူးလား သူငယ်မ”
“မသိရပါ အရှင်ဘုရား”
“ထမင်းရည်ကို မြေပေါ်ငှဲ့ချတာ အပြစ်ပေါ့ကွဲ့”
“ဘာ့ကြောင့်ပါလဲဘုရား”
“ထမင်းရည်ကို မြေပေါ်ငှဲ့ချမယ့်အစား ခွက်သန့်သန့်လေးနဲ့ခံထားပြီး နင့်ကလေးတွေကို တိုက်ရင်အာဟာရ မဖြစ်ဘူးလားကွဲ့”
“တပည့်တော် အပျိုပါ၊ ကလေးမရှိပါဘူးဘုရား”
“ကလေးမရှိလည်း ခွက်နဲ့ခံထားပြီး ခွေးတွေ၊ ၀က်တွေ ကို အစာထဲ ထည့်ပြီး အာဟာရ ဖြစ်အောင် သုံးလို့ မရဘူးလား”
“မှန်လှပါ တပည့်တော်မ တိရစ္ဆာန်အညစ်အကြေးဆို ရွံလွန်းလို့ ဘာကောင်မှ မမွေးပါဘူးဘုရား”
“ကလေးလည်းတိုက်စရာမရှိ၊ အကောင်လည်း တိုက်စရာမရှိ၊ ဒီထမင်းရည်ကို နင်အသုံးကျ အောင် မလုပ်နိုင်ဘူးလား”
“မှန်လှပါ မလုပ်နိုင်ပါဘူးဘုရား”
“ငါကိုယ်တော် မိန့်တော်မူမယ်၊ မှတ်ကွဲ့”
“မှန်လှပါ အရှင်မင်းကြီး”
“ထမင်းရည်ကို ခွက်ကလေးနဲ့ခံထား၊ မီးသွေးမှုန့် အကြေတွေ စုထား၊ အဲဒီမီးသွေးမှုန့် အကြေတွေကို ထမင်းရည်နဲ့ နာနာနယ်၊ လက်သီးဆုပ်အရွယ် လုံး၊ ပြီးရင်နေပူလှန်း”
“မှန်လှပါ သင့်မြတ်လှကြောင်းပါဘုရား”
“နေပူလှန်းလို့ ခြောက်သွားရင် ရောင်းစားလို့ရတယ်၊ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အင်တာနက်ဆိုင် ထိုင်လိုက်စမ်းပါ သူငယ်မရယ်”
“လျှော်ကန်သင့်မြတ်လှကြောင်းပါ အရှင်မင်းကြီး”
“ငါကိုယ်တော် စကားလိုက်နာပွားပြီး အင်တာနက်ဆိုင် သွားလိုက်ပါ မေသဇင် ရေ……………”
အရှင်မင်းကြီး ကိုရင်ကျော်နှင့် ၀န် ဂျူပီတာ ရင်မောင်တို့သည် စည်တီး၍ ပြည်ကြီးသို့ ၀င်သွားချိန်တွင် ကတ္တီပါကန့်လကာကို ညင်သာစွာချရမည်။
ဆိုင်း သံ ထွက်ပေါ်လာမည်။
ဗျောင်……….ဗျောင်……………ဗိန်…………….ဗိန်………………ထီ…………………..ထီ
ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား
Friday, July 20, 2012
ချစ်သူမြို့တော်အငြိမ့် တစ်ခန်းရပ်ပြဇာတ်
Labels:
ဖျော်ဖြေရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment