ကိုရင်ကျော် ရေးပြတာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျမတို့ ဂျပန် စာအုပ်ကြီး ဖတ်ရတာထက် ပိုကောင်းတယ်။ တခုပဲပြောချင်ပါတယ်--အဲဒါက ဂျပန်နာမည် အသံထွက်ပါ။ Hideyo_Noguchi ဆိုရင် ဟိဒဲရောနိုဂုချိ --လို့ ထွက်ပါတယ်။ ဂျပန်အသံထွက် က i ကို အိ ၊ Hi ကို ဟိ ၊ ki ကို ခိ လို့  ထွက်တာပါ။ ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့နော် --အသံထွက် မှန်စေချင်လို့ ပါ။
ကျွန်တော့်ကို အမှားပြင်ပေးတဲ့ မကြာဖြူနွယ်ကို အထူးကျေးဇူးတင်ပါတယ်။ ပြင်ပေးတဲ့အတိုင်း ကျွန်တော်ကလည်း ပြောင်းလဲ ရေးသားလိုက်ပါတယ်။ အချက်အလက်များ လွဲမှားနေပါက လည်း ပြင်ပေး၊ ထောက်ပြဝေဖန်ပေးနိုင်ပါတယ်။ မည်သည့်ဝေဖန်မှုကို မဆို လက်ခံ လျက်ရှိပါတယ်။
“ဆရာ…ကျွန်တော် ဟိဒဲရောနိုဂုချိ ပါ…”
“သြော်…မင်းအကြောင်း ငါကြားပြီးပြီ။ ငါ ဘာလုပ်ပေးရမလဲ”
“ကျွန်တော် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေလို့ အလုပ်လိုချင်ပါတယ်ဆရာ”
ဟိဒဲရောနိုဂုချိ က တိုကျိုကိုရောက်ချိန်တွင် အ၀တ်အစားတောင် လဲစရာပါလာသည်မဟုတ်။ ဖြစ်သလိုနေ ဖြစ်သလိုစားခဲ့သူဖြစ်သည်။ သူ့ဆရာက သူ့ကို အလုပ်ခန့်ပေးဖို့ ဆေးရုံအုပ်ကြီးထံ ပြောပေးသည်။ သို့သော် ဆေးရုံတွင် အလုပ်နေရာခန့်ထားပေးခြင်း မရှိသော်လည်း အဆောင်တွင် နေထိုင်ခွင့်ပြုခဲ့သည်။
ဟိဒဲရောနိုဂုချိ က အလကားနေသူမဟုတ်။ ကြမ်းတိုက်သည်။ သန့်ရှင်းရေးလုပ်ပေးသည်။ မီးအိမ်များတွင် တွယ်ကပ်နေသော ပိုးမျှင်များကို ရှင်းလင်းပေးသည်။ သူသည် လက်တစ်ဖက် မသန် စွမ်းသည်ဖြစ်သောကြောင့် အလုပ်များလုပ်ကိုင်ရာတွင် ခက်ခက်ခဲခဲလုပ်ကိုင်ရသည်။ သူလုပ်ကိုင် ဆောင်ရွက်နေသည်ကို မြင်တွေ့သွားသော ဆေးရုံအုပ်ကြီးက သူ့ကို အမြဲတမ်းဝန်ထမ်းခန့်ပေးလိုက် သည်။
ဟိဒဲရောနိုဂုချိ သည် ၀င်ငွေရရှိလာသောအခါ ဂျာမန်ဘာသာစကားကို ညဖက်တွင် သွားရောက် လေ့လာသင်ယူသည်။
ဆေးပညာရပ်များကိုလည်း သင်ကြားခွင့်ရရှိသဖြင့် သူသည် အစွမ်းကုန်ကြိုးစားအားထုတ်သည်။ သူ စာကြိုးစားပုံကို ကျောင်းသားအချင်းချင်းသာမက ဆရာများပါ အသိအမှတ်ပြုလာသည်။ သူ့အတွက် အစစအရာရာကူညီပေးမည့် သူငယ်ချင်းကောင်း အီရှီဇူကာနှင့် တွေ့ဆုံခဲ့ရသည်။ အီရှီဇူကာသည် ဟိဒဲရောနိုဂုချိ ကို ညှာတာထောက်ထားသည်။
ဟိဒဲရောနိုဂုချိ သည် စာမေးပွဲဖြေဆိုချိန်တွင် ၀တ်စရာအင်္ကျီမရှိသဖြင့် သူငယ်ချင်းက ငှားပေးရသည်။ သူ့ကိုကြည့်ရသည်မှာ စာကို အပြင်းအထန်ကြိုးစားထာသဖြင့် ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။ သူ့လိုပဲ တခြားသူများကလည်း စာထဲတွင် နစ်မြှုပ်ထားသဖြင့် ရွှင်ရွှင်လန်းလန်းမရှိကြချေ။ ထိုအထဲတွင် ခေါင်းကုတ်လက်ကုတ်ဖြင့် အိနြေ္ဒမရဖြစ်နေသူကို တွေ့ရသောကြောင့် အကျိုးအကြောင်း မေးမိသည်။ နားကြပ်ပါမလာကြောင်း ပြောသဖြင့် သူ့နားကြပ်ကို ငှားပေးလိုက်သည်။ သူ၏ သူတစ်ပါး အပေါ်ကူညီချင်သည့် စိတ်ဓာတ်ဖြစ်သည်။
သူ့အလှည့်ကျသည့်အခါတွင် အခန်းတွင်းသို့ ၀င်ရောက်သွားသည်။ ကုတင်ပေါ်တွင် လူနာတစ် ယောက်ကိုတွေ့ရသည်။ သူ့တွင် နားကြပ်ပါမလာကြောင်း သတိထားမိလိုက်သည်။ စစ်ဆေးမည့် ဆရာထံမှ နားကြပ်ကို ငှားလိုက်သည်။
“ဆရာ…နားကြပ် ခဏငှားပါခင်ဗျာ”
“ဘာကွ…စာမေးပွဲစစ်နေတာ…နားကြပ်ဘာလို့ယူမလာတာလဲ”
ဆရာက ဒေါသတကြီးဖြင့် ငေါက်ငန်းလိုက်သည်။ သူက ဆရာ့ကို သူ့နားကြပ်ကို ငှားပေးလိုက်ကြောင်း ချိုသာစွာရှင်းပြလိုက်သည်။ သူ့ဆရာက သူ့ကို နားကြပ်ပေးလိုက်သည်။ သူသည် လူနာကို သေသေချာချာကြည့်ရှုစစ်ဆေးသည်။ အဖြေရှာရခက်နေသော လူနာ၏ ရောဂါ အမည်ကို မှန်ကန်စွာ ပြောပြနိုင်သည်။ ဆရာက သူ့ကို သဘောကျသွားသည်။ ကြင်နာတတ်မှု၊ ကိုယ်ချင်းစာစိတ်ထားရှိနိုင်မှုကိုလည်း နှစ်သက်သဘောကျသွားသည်။
“ငါ့တပည့်…မင်းရဲ့ မြင့်မြတ်တဲ့စိတ်ထားကို ဘယ်တော့မှ မပြောင်းလဲစေနဲ့၊ လူနာတွေအပေါ် မေတ္တာ ထားပါ။ အလုပ်အပေါ်မှာ စေတနာထားပါ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယိုင်းပင်းပါ။ ကျေးဇူး တရားကိုအောက်မေ့ပါ”
ဆရာ့စကားသည် သူ့အတွက် အားဆေးဖြစ်ခဲ့သည်။ ကျောင်းသား ၈၀ စာမေးပွဲဖြေဆိုရာတွင် ၄ ယောက်သာ အောင်မြင်ခဲ့သည်။ ထိုအောင်မြင်သူ ၄ ယောက်ထဲတွင် ဟိဒဲရောနိုဂုချိ ပါဝင်လေသည်။ သူ၏အောင်မြင်မှုကို သူ့မိခင်နှင့် အစ်မကို သိစေချင်သည်။ သူဘ၀ အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့လေပြီ။
http://en.wikipedia.org/wiki/Hideyo_Noguchiကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။ ဆက်လက်ရေးသားပါမည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၉-၇-၂၀၁၂)(၀၈း၂၀)နာရီ
http://aktnml.blogspot.com/
No comments:
Post a Comment