ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Saturday, July 28, 2012

ပညာသင်ထွက်ခွါခြင်း

ဟိုင်ဒီယိုနိုဂုချီ
သူကို့ ၁၈၇၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မွေးဖွားခဲ့ပြီး ၁၉၂၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဟာ ဂျပန်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်က သူ့အကြောင်းကို စိတ်ဝင်စားတဲ့အတွက် အင်တာနက်မှာ ရှာဖွေဖတ်ရှုမိပါတယ်။ ကျွန်တော် ဖတ်ရှုမိတာလေးတွေကို ဇာတ်အိမ်ဖွဲ့ပြီး ကမ္ဘာကျော် ဆေးသုတေသီ တစ်ယောက်ဘ၀အစ ဆိုပြီး စတင် ရေးသားပေးခဲ့ပါတယ်။ ကျွန်တော်သူ့အမေနဲ့ သူပုံလေးကို ဖော်ပြပေးခဲ့ပါတယ်။ သူ့အကြောင်းတွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းလေးတွေကို ကောက်နုတ်ပြီး ဇာတ်အိမ်ဖွဲ့ရေးသားပေးပါမယ်။ အစီအစဉ်အတိုင်းရေးနေမယ်ဆိုရင် စာဖတ်သူ ငြီးငွေ့မယ်လို့ ထင်မိပါတယ်။ အကယ်၍ ကျွန်တော် သူ့အကြောင်းကို လုံးချင်းစာအုပ် ထုတ်ဖြစ်ခဲ့မယ် ဆိုရင်တော့ အစအဆုံးဖတ်ခွင့်ရရှိမှာဖြစ်ပါတယ်။
တိုကျိုမြို့သို့ပညာသင်ထွက်ခွါခြင်း
ဟိုင်ဒီယိုနိုဂုချီသည် လက်တစ်ဖက် မသန်မစွမ်းဖြစ်သော်လည်း ပညာကို ကြိုးစားသင်ယူသည်။ သူသည် ဆရာဝန်ဖြစ်ချင်သည့် ဆန္ဒအလွန်ပြင်းပျသည်။ တစ်နေနေ့တွင် ဖြစ်ကိုဖြစ်ရမည်ဟု ယုံကြည်သည်။
ဆရာဝန်ဖြစ်ဖို့အတွက် တိုကျိုမြို့ကို သွားမှသာ ဖြစ်နိုင်မည်ဟု သူသိသည်။ သူ့ဆရာကို ဟိုင်ဒီယိုနိုဂုချီက တိုကျိုသို့သွားမည့်အကြောင်းပြောသည်။ သူ့ဆရာကအားပေးသည်။ သူရရှိသော လခ ၁၂ ယန်းအနက် ၁၀ ယန်းကို ခရီးစရိတ်အဖြစ်ထုတ်ပေးသည်။ ထိုစဉ်က ငွေကြေးအခြေအနေ မှာ အလွန်တန်ဖိုးရှိသောအချိန်ဖြစ်သည်။ သူ့အိမ်နီးချင်းများက ၃ ယန်း ကူညီသည်။ သူ ရွာမှထွက်ရန်အတွက် ၁၃ ယန်း သည် လုံလောက်သည်။
“မေမေ…သား တိုကျိုကို သွားမယ်။ ဆရာဝန်ဖြစ်အောင်လုပ်မယ်”
သူ့မိခင်ကို ပြောပြသည်။ မိခင်၏ မျက်နှာတွင် ၀မ်းနည်းဝမ်းသာဖြစ်နေသည်။
“မေမေ…အရမ်းဝမ်းသာတယ်သား…သားဟာ သာမန် တောသူတောင်သားဘ၀နဲ့ နိဂုံးချုပ်မယ့်သူ မဟုတ်ဘူးလို့ မေမေ ယုံကြည်ထားတာ”
“မေမေ…ဖြစ်စေချင်တဲ့အခြေအနေကို ရောက်အောင် သား…ကြိုးစားမယ်မေမေ။ ဆရာက ခရီးစရိတ် ထုတ်ပေးထားတယ်။ အိမ်နီးချင်းတွေကလည်းပေးထားတော့ ဒီငွေနဲ့ သားဘ၀ကို သားဖန်တီးမယ်”
မေမေ့မျက်နှာတွင် သားအပေါ် ယုံကြည်မှုနှင့် မိခင်မေတ္တာတို့သည် ပေါ်လွင်ထင်ရှားနေသည်။ သူဖြစ်စေချင်သည့်အတိုင်း လက်တစ်ဖက် မသန်သည့် သားငယ်ကလေး၏ အားမာန်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီမဟုတ်ပါလား။
ဟိုင်ဒီယိုနိုဂုချီသည် အိမ်နောက်ဖက်သို့ ထွက်သွားပြီး ပြန်လာသောအခါ လက်ထဲတွင် တူနှင့် ဆောက်ပါလာသည်။ မေမေသည် ဟိုင်ဒီယိုနိုဂုချီ လုပ်သမျှကို ငေးကြည့်နေမိသည်။ ဟိုင်ဒီယိုနိုဂုချီသည် အိမ်တိုင်တွင် အောက်ပါစာကို ထွင်းထုလိုက်သည်-
“ရည်မှန်းချက် မအောင်မြင်မချင်း ငါ ပြန်မလာတော့ပါ”
ဟိုင်ဒီယိုနိုဂုချီသည် အထုပ်အပိုးပြင်ပြီး ရွာမှ ထွက်ရန် မိခင်နှင့် အစ်မကို နှုတ်ဆက်သည်။
“မေမေနဲ့မမ…နှုတ်ဆက်ခဲ့ပါတယ်”
“သားရေ…သွားတော့နော်…လမ်းခရီးမှာ အဆင်ပြေပါစေ”
“မောင်လေးရေ…သွားတော့နော်…အစစအရာရာအဆင်ပြေပါစေ”
ဟိုင်ဒီယိုနိုဂုချီသည် လေးလံသော ခြေလှမ်းများဖြင့် ထွက်သွားပြီးနောက် သူ့မိခင်ကြီးထံ ပြန်ပြေးလာခဲ့သည်။
“မေမေ…ကျန်းမာရေးဂရုစိုက်ပါနော်၊ ကျွန်တော်ဖြစ်ချင်တဲ့ ဆရာဝန်ဖြစ်မှ ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်”
“သားရယ်…မေမေ့အတွက် စိတ်ပူမနေပါနဲ့….စိတ်ချလက်ချသာ သွားနော်”
“မမ…မေမေ့ကို ဂရုစိုက်ပါနော်”
“မောင်လေးရယ်…မမတစ်ယောက်လုံး မေမေ့အနားမှာ ရှိနေတာပဲ…”
ဟိုင်ဒီယိုနိုဂုချီသည် လက်ပြနှုတ်ဆက်ပြီး နောက်ကို လှည့်မကြည့်တော့ဘဲ ရွာမှ ထွက်ခွါလာခဲ့သည်။ မိုင်လေးဆယ်မျှ လမ်းလျှောက်ခဲ့ပြီးမှ မီးရထားဘူတာရုံကိုရောက်သွားသည်။ သူ့အဖို့ ပထမဦးဆုံး မီးရထားစီးဘူးခြင်းဖြစ်သည်။
၁၈၉၆ ခုနှစ်၊ စက်တင်ဘာလတွင် တိုကျိုမြို့ကို ရောက်ရှိခဲ့လေသည်။
http://en.wikipedia.org/wiki/Hideyo_Noguchi ကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။ ဆက်လက်ရေးသားပါမည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၂-၇-၂၀၁၂)(၁၉း၀၀)နာရီ

No comments: