ယခုကျွန်တော်ရေးသားတင်ပြသော အကြောင်းအရာများသည် ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်အမှန်များဖြစ်ပါသည်။ မည်သူ့ကိုမျှထိခိုက်နစ်နာစေလိုသော စိတ်ဖြင့် ရေးသားတင်ပြခြင်း မဟုတ်ပါ။ မရေးလျှင် မဖြစ်သည့်အကြောင်းတစ်ခု လာရောက် တိုက်ဆိုင်နေသည့်အတွက် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
အမှတ်စဉ်(၁)တွင် ဖော်ပြထားသည့် အဒေါ်ဖြစ်သူ ကွယ်လွန်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း (၂)(၃)(၄)ပါ ပုဂ္ဂိုလ်များကတော့ အသက်ရှင်လျက်ရှိနေပါသေးသည်။ သူတို့ကို ထိခိုက်နစ်နာ စေလိုသော ဆန္ဒနှင့် ရေးသားခြင်းလုံးဝမဟုတ်ပါ။ (၂)နှင့်(၃)ပါ ပုဂ္ဂိုလ်များက သူတို့ပြောခဲ့သော စကားများကို မှတ်မိမည်ပင် မထင်တော့ပါ။ နံပါတ်(၄) ကျွန်တော်ချစ်ခဲ့ရသူကတော့ ဒီစာကို ဖတ်မိရင် အတိတ်ကအကြောင်း ပြန်ပြောင်း အောက်မေ့စေချင်ပါသည်။
(၁)
ကျွန်တော် ၉ တန်းကျောင်းသားဘ၀ကဖြစ်သည်။
ကျွန်တော်တို့က ဆင်းရဲနွမ်းပါးသောကြောင့် စက်ဘီး တစ်စီးတောင်မပိုင်။ တစ်နေ့တော့ ကျွန်တော် နေသော ရွာနှင့် တစ်မိုင်ခန့်အကွာသို့ အလုပ်ကိစ္စရှိသောကြောင့် ကျွန်တော်၏ အဒေါ်အရင်းထံတွင် စက်ဘီးသွားငှားသည်။ ထိုအခါ အဒေါ်ဖြစ်သူ ပြောလိုက်သည့်စကားမှာ….
“ဒီမှာ ရင်ကျော်….စက်ဘီးကို ငါ့သားစီးဖို့ ၀ယ်ထားတာ။ နင်ကို ငှားဖို့မဟုတ်ဘူး၊ မငှားနိုင်ဘူးဟေ့”
ကျွန်တော်ဘာမှ မပြောတော့ပါ။ စိတ်ထဲမှာတော့လုံးဝမကောင်း။ အဒေါ်အရင်းထံမှ မမျှော်လင့်ခဲ့ သောစကား။ တစ်နေ့ သူတို့ထက်သာအောင်လုပ်မည်ဟုသာ ခံယူချက်ထားလိုက်သည်။
ကျွန်တော့ခံယူချက် အတိုင်းဖြစ်လာခဲ့ပါတယ်။ ယခုနေအခါမှာ အဒေါ်မရှိတော့သော်လည်း အဒေါ်၏ ကျန်ရစ်ခဲ့သော သားသမီးအားလုံးထက် ကျွန်တော်က အစစအရာရာ သာလွန်ခဲ့ပါပြီ။
(၂)
ကျွန်တော် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျသည့်အခါ ကျွန်တော့ သူငယ်ချင်းက ကျွန်တော့်ကို ပြောခဲ့သည့်စကား နှလုံးသားထဲမှာ စွဲမှတ်ထားမိသည်။ သူက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်တဲ့ သူလေ။
“ရင်ကျော်…မင်း…ဘယ်တော့မှ စာမေးပွဲအောင်မှာမဟုတ်ဘူး၊ ငါတို့က ၀ိုင်းတွေ၊ ကျူရှင်တွေ တက်နိုင်တယ်ကွ၊ မင်းက ငါတို့လောက်မတတ်နိုင်ဘူးလေ”
အသည်းထဲစွဲအောင် မှတ်ထားလိုက်သည်။ တစ်နေ့တော့ မင်းထက်သာရမယ်ဟု ကြုံးဝါးခဲ့သည်။
အခု ကျွန်တော် သူ့ထက် ပညာရေးတွင် သာလွန်ခဲ့ပါပြီ။ ကျွန်တော်က အချိန်ဖြုန်းမနေတော့ တက္ကသိုလ် (၅)ခု၊ ကောလိပ်တစ်ခု တွင် ပညာသင်ယူခွင့်ရအောင်ကြိုးစားခဲ့သည်။ ဘွဲ့တွေ၊ Certificate တွေ တစ်ပုံတစ်ပင်ဖြင့် Top 10 စာရင်းဝင်ဖြစ်ခဲ့သည်။ နိုင်ငံရပ်ခြားတွင် ကွန်ပျူတာ ပညာကို သွားရောက်သင်ယူနိုင်ခဲ့ပါပြီ။ သူကတော့ ဘွဲ့တစ်ခုသာရပြီး ကိုယ်ပိုင်သင်တန်း ကျောင်းတွေမှာ စာလိုက်သင်နေရသည်။
(၃)
ကျွန်တော်က ငယ်စဉ်က စာရေးတာအလွန်ဝါသနာပါသည်။ ပန်းချီလည်းဆွဲသည်။ စက္ကူအတိုအစများ မှာ ရေးသည်။ မဂ္ဂဇင်းတိုက်၊ ဂျာနယ်တိုက်များကို ပို့သည်။ အရွေးမခံရ။ အကြောင်းမပြန်။ ဒါကို ကျွန်တော့သူငယ်ချင်းက သိသည်။
“အလကား…အချိန်တွေကုန်ပါတယ်ကွာ၊ မင်းရေးတဲ့စာ ဘယ်သူကမှလည်း ဖတ်မှာ မဟုတ်ပါဘူး”
သူက အမှုမဲ့အမှတ်မဲ့ပြောခဲ့သော်လည်း ကျွန်တော့်ရင်ထဲမှာ စွဲကျန်ခဲ့သည်။ အဲဒီနောက် သောကြာ စာစောင်မှာ ကျွန်တော်ရေးတာ စပါလာသည်။ အခြားသော ဂျာနယ်၊ စာစောင်တွေမှာ ပါလာသည်။ နည်းပညာဆိုင်ရာရေးသားထားသည့်အကြောင်းအရာများ ကွန်ပျူတာဂျာနယ်မှာပါလာသည်။ လက်ရွေးစင်ထုတ်သည့် စာအုပ်တစ်အုပ်တွင် ကျွန်တော့စာ ၂ ပုဒ်ပါလာသည်။ စာတည်း၊ အယ်ဒီတာ များထံမှ စာများလက်ခံရှိလာသည်။ အမှတ်တရထုတ်သည့် စာအုပ်အတွက် ကဗျာလေးတွေ ရေးဖြစ်သည်။ အင်တာနက်စာမျက်နှာတွင် ရေးဖြစ်သောအခါ အတော်အသင့် အောင်မြင်မှုရရှိခဲ့သည်။
(၃)
ကျွန်တော်က ရွာမှ မန္တလေးမြို့ကို ရောက်သည်။ ဟိုနားခိုကပ်နေရ။ သည်နားခိုကပ်နေရဖြင့် လှုပ်ရှားရုန်းကန်နေရသည်။ ချစ်ရသူကို မထင်မှတ်ဘဲ တွေ့ခဲ့သည်။ သူကလည်း နယ်မှ မန္တလေးကို ရောက်လာခဲ့သူဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်ချစ်ခဲ့ကြသည်။ ကျွန်တော်တို့အချစ်က သန့်ရှင်းသည်။ ဖြူစင်သည်။ ဒီတုန်းက နှစ်ယောက်သား အဝေးသင်တက်နေကြတာဖြစ်သည်။ ဒုတိယနှစ်ရောက်တော့ ကျွန်တော့်ကို လက်ထပ်ရအောင်ပြောသည်။ ကျွန်တော်က အချိန်မကျသေး ကြောင်းပြောသည်။ ဒါကိုလုံးဝလက်မခံ။
“မောင်ကျော်…စိတ်ပုတ်ကြီးနော်….သူများသားသမီးကို ချစ်ပြီးလက်မထပ်ချင်တာ၊ အလကားကောင်”
အခေါ်အဝေါ်ကစ မောင်ကျော်ဖြစ်သွားသည်။ ရင်ထဲမှာ နင့်ကနဲခံစားလိုက်ရသည်။ အပြောတွင် မဟုတ် ကျွန်တော်၏ အနက်ရောင်မှတ်စုစာအုပ်တွင်ပါ ဒီအတိုင်းရေးသွားသည်။ နောက်တော့ ကျွန်တော့ထက်သာသည့် အိုးပိုင်အိမ်ပိုင်နှင့် သူ့ထက်အသက်ကြီးသူကို လက်ထပ်ယူသွားသည်။
ကျွန်တော် ဇာချဲ့မပြောလိုတော့ပါ။ ကျွန်တော့်ချစ်သူထက် ကျွန်တော် အစစအရာရာ သာလွန်ခဲ့ပါပြီ။ သို့သော် ရင်ထဲမှာတော့ ချစ်သူပြောသောစကားသည် အသည်းနှလုံးမှာ အမာရွတ်ကျန်ခဲ့သည်က တော့ အထင်အရှားဖြစ်ခဲ့ပါပြီ။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၂-၂-၂၀၁၂)(၂၃း၂၅)နာရီ
No comments:
Post a Comment