“သားရယ်…ဖြစ်မှဖြစ်ရလေ”
အသံကုန်းအော်ဟစ်ငိုကြွေးနေသော သားငယ်လေးကို ချီပွေ့လိုက်ရင်း နှုတ်ဖျားမှ ရေရွှတ်မိသည်။ တစ်နှစ်ခွဲအရွယ် ကလေးငယ်ကို ကောက်ရိုးပုခက်တွင်သိပ်ခဲ့ပြီး ညနေစာအတွက် ဟင်းရွက်သွားခူးနေချိန်တွင် ကလေးငယ်က လူးလှိမ့်ရင်း ကောက်ရိုးပုခက်ပေါ်မှ ပြုတ်ကျသွားသည်။
ကံဆိုးစွာပင် အနီးက မီးဖိုပေါ်က ပွက်ပွက်ဆူနေသော ရေနွေးအိုးက ဘယ်ဘက်လက်ကလေး ပေါ်လောင်းချသလို ဖြစ်သွားသည်။ ကလေးငယ်မှာ ပူရှာလွန်းသဖြင့် အော်ဟစ်ငိုကြွေး နေသော်လည်း တစ်အိမ်နှင့်တစ်အိမ် မနီးသဖြင့် မည်သူမှ မကြားရချေ။
အိမ်ထဲတွင် ကလေးဖြစ်သူ၏ အဖွားလည်း ရှိနေသည်။ သို့သော် သူက နားအလွန်လေးသဖြင့် ကလေးငိုသံကို မကြားမိလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကလေးငယ်၏ အစ်မဖြစ်သူမှာ အိပ်ပျော်နေသည်။ ကလေးငယ်၏ငိုသံမှာ တ၀ါးဝါးနှင့် အသံကုန်အော်ဟစ် ငိုကြွေးနေခြင်းဖြစ်သည်။
မိခင်၏ စိတ်သည် အလွန်ဆန်းကြယ်နေပေသည်။ စိတ်ထဲတွင် သားငယ်၏ အော်သံလိုလို ကြားလိုက်ရသည်။ ချက်ချင်းပင် အိမ်ကို ပြန်ပြေးလာခဲ့သည်။ အိမ်နားရောက်သောအခါ ၀ူးဝူးဝါးဝါး ဖြင့် ငိုကြွေးနေသော သားငယ်၏ အသံကို ကြားလိုက်ရသောကြောင့် တုန်လှုပ်သွားသည်။ ဟင်းရွက်တောင်းကို ပစ်ချခဲ့ပြီး အိမ်ထဲကို အပြေးအလွှား ၀င်ခဲ့သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် သားငယ်အနားကို စိုးရိမ်တကြီးနှင့် တိုးကပ်သွားခဲ့သည်။ ကလေးငယ်မှာ အပူလောင်ထားသဖြင့် ငိုကြွေးထားသည်မှာ အသံပင် တိမ်နေသည်။ မိခင်က သားငယ်ကို ကောက်ယူပြီး ပွေ့ချီလိုက်သည်။ ဘယ်ဘက်လက်မှာ ရေနွေးပူလောင်ထားသဖြင့် အနီရောင်သန်းနေသည်။ အပူဖုများက မြင်မကောင်း ရှုမကောင်းဖြစ်နေသည်။ ထိုစဉ်အခါက ဆေးဝါး ရှားပါသည့်အချိန်အခါဖြစ်သဖြင့် အိမ်နီးချင်းများကို အော်ဟစ်အကူအညီတောင်းလိုက်သည်။
အဖွားဖြစ်သူကလည်း မြေးလေး၏ အဖြစ်ကို မြင်တွေ့သွားပြီး များစွာစိတ်မချမ်းမြေ့သွားသည်။ ကလေး၏အစ်မဖြစ်သူကို နှိုးလိုက်သည်။ သို့သော် အဖွားနှင့် ကလေး၏အစ်မကို မည်သူမျှ အပြစ် မတင်ကြပါ။ ကံဆိုးသူ သားငယ်လေးကိုသာ ၀ိုင်းဝန်းပြုစုပေးကြသည်။ သစ်ရွက်များကို ထုထောင်းပြီး အရည်ညှစ်ပြီး လိမ်းပေးကြသည်။ သစ်ရွက်များကို မီးလောင်ဖုပေါ်တွင် အုပ်ပြီးနောက် အ၀တ်စဖြင့် စည်းပေးကြသည်။
“သားလေးရယ်…မေမေ့ကို ခွင့်လွှတ်ပါနော်။ ဘယ်လောက်များ နာကျင်ခံစားနေရမလဲ မသိဘူးနော်။ မေမေ…စိတ်မကောင်းလိုက်တာ….သားလေးတစ်သက်လုံး ဒီဒဏ်ရာကြီးကြောင့် အမာရွတ်ကြီး ကျန်နေခဲ့မှာလား မသိဘူးသားလေးရယ်”
နေ့မအိပ်ညမအိပ် အနာသက်သာအောင် ပြုစုပေးသည်။ သားလေး ပြန်လည် သက်သာလာသည် အထိ ဂရုတစိုက် ကိုယ်ဖိရင်ဖိ ပြုစုပေးသဖြင့် ရက်နှစ်ဆယ်ခန့်တွင် အနာပျောက်သွားသည်။ သို့သော် ကလေးငယ်၏ ဘယ်ဘက်လက်ကလေးမှာ သစ်အပွေးကြီးလို ကျန်ရစ်ခဲ့သည့်အတွက် မိခင်ဖြစ်သူမှာ ယူကျုံးမရဖြစ်နေရသည်။
လက်ချောင်းလေးများမှာလည်း ပူးကပ်သွားသည်။ မိခင်မွေးဖွားစဉ်က အကောင်းပကတိရှိခဲ့သည့် လက်ကလေးသည် ရေနွေးပူလောင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရလေသည်။
“သားလေးရယ်…မေမေ့ကြောင့်အခုလိုဖြစ်ရတာ…ခွင့်လွှတ်ပေးပါနော်…သားလေး အခုလိုဖြစ်တော့ မေမေတို့လို တောင်သူ အလုပ်ကို သားလုပ်နိုင်မှာမဟုတ်ဘူးနော်။ သားလေး ပညာတတ်မှ ဖြစ်မယ်။ ပညာတတ်ဖြစ်မှ သားလေးသက်တောင့်သက်သာ နေနိုင်မှာနော်။ သားလေးအတွက် မေမေ အရင်ကထက် အလုပ်ပိုလုပ်မယ်”
သားငယ်ကလေးကို ပွေ့ချီထားရင်း တိုးတိုးလေးရေရွှတ်နေမိပါတော့သည်။
Hideyo Noguchi and his mother Shika
http://en.wikipedia.org/wiki/Hideyo_Noguchi ကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။ ဆက်လက်ရေးသားပေးပါမည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၂-၇-၂၀၁၂)(၀၉း၂၅)နာရီ
No comments:
Post a Comment