ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Thursday, February 18, 2016

ကျနော်ရေးလက်စ



"ချစ်တယ်မမရယ်..."
"မောင်ရယ်..."
"အသည်းနင့်အောင်ချစ်ရတာပါ"

Saturday, July 21, 2012

မေ

မေ....

သိပ်ရက်စက်တယ်ကွယ်

မေ...

မေ့ရက်နိုင်လွန်းတယ်ကွယ်

မေ...

စိမ်းကားရက်တယ်ကွယ်

မေ...

နားလည်ဖို့သိပ်ခက်တယ်ကွယ်


မေ...

နေနိုင်လွန်းတယ်ကွယ်

မေ...

မောင်.....မေ့ကို သိပ်ကြောက်သွားပြီကွယ်


ဒါပေမယ့်မေရယ်

မေ့ ကို မောင် သိပ် သိပ်ချစ်ပါတယ်ကွယ်

မောင် နဲ့ မေဟာ

ရန်ကုန်တက္ကသိုလ်ထဲမှာ ပြုလုပ်တဲ့ Web Media Blogger သင်တန်းမှာ

မထင်မှတ်ပဲ ဆုံတွေ့ခဲ့ရတာပေါ့ကွယ်

ရက်ကိုလစား လကိုနှစ်စားလို့ ကြာမြင့်ခဲ့ပြီပေါ့မေရယ်...

အဲဒီတုံးက မောင် က မေ့ ကို အစက သတိမထားခဲ့မိပါဘူး

ဒါပေမယ့် .....

သင်တန်းပြီးခါနီး ကိုယ်ပိုင် Blog ရေးခိုင်းတဲ့အခါ

မောင်က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Blog တစ်ခုကို ရေးတင်ခဲ့တယ်လေ

သင်တန်းသူ သင်တန်းသားအချင်းချင်း Blog တွေကို ဖတ်ကြရင်း

မောင် ရေးခဲ့တဲ့ Blog ကို ဖတ်မိပြီး မေ က မောင့်ကို လာပြီးမိတ်ဆက်တယ်လေ

မောင် ရေးတဲ့ အကြောင်းအရာတွေဟာ မေ့ မိခင် ဖြစ်နေတဲ့ ရောဂါအတွက်

သင့်တော်တဲ့အကြောင်း ပြောတော့

မောင်ကလည်း မောင် တင်တဲ့ Blog အတွက် အချက်အလက်ရှာထားတဲ့

ကျန်းမာရေး စာစောင် မေ့ ကို အမှတ်တရလက်ဆောင်တွေပေးခဲ့တာပေါ့

ဒီလိုနဲ့ မောင်တို့ သင်တန်းပြီးဆုံးသွားပြီး မကြာခင်မှာပဲ

မောင့်ထံကို မေ e-mail ပို့လိုက်တယ်လေ

မောင် တင်တဲ့ Blog ပါ အချက်အလက်တွေ၊ မောင်ပေးတဲ့ ကျန်းမာရေးစာစောင်ကိုဖတ်ပြီး

လိုက်နာဆောင်ရွက်လို့ မေ့ မိခင် ကျန်းမာရေးကောင်းမွန်သွားကြောင်း

မန္တလေးမြို့ကို မိသားစုလိုက် ဘုရားဖူးလာမယ့် အကြောင်းတွေရေးထားတယ်လေ

ပြောရရင်တော့ မေတို့ မိသားစု မန္တလေးကို ရောက်လာတယ်

မေတို့ မိသားစုကို မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင် နေရာအနှံ့ လိုက်ပို့ပေးတယ်

ဒီခရီးစဉ်အတွင်းမှာပဲ မောင် နဲ့ မေတို့ ပိုမိုရင်းနှီးလာပြီး နောက်ဆုံး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်

အဲဒီအချိန်က စပြီး မောင် နဲ့ မေ အဆက်အသွယ်မပြတ်ခဲ့ဘူး


ဖုန်းဆက်ကြတယ်၊ Chatting ၀င်ကြတယ်။

လက်ဆောင်တွေ အပြန်အလှန် ပေးခဲ့ကြတယ်

မောင် တို့ ချစ်သက်တမ်း တစ်နှစ် ကျော်ကျော်မှာ မေ ဂျပန်နိုင်ငံကို ပညာတော်သင် အရွေးခံလိုက်ရတယ်လေ

ဒါဟာ မောင်နဲ့မေတို့ရဲ့ ခွဲခွါခြင်း ဇာတ်လမ်းအစ လို့ပြောရမှာပေါ့မေ.......

မေ ဂျပန်နိုင်ငံကို ရောက်ပြီး တစ်လ နှစ်လလောက်တော့ မောင့်ဆီကို မေ အဆက်အသွယ် လုပ်ခဲ့သေးတယ်လေ

မောင့် ဆီကို လုံးဝ အဆက်အသွယ် မလုပ်ဘဲ နေလာခဲ့တာ တစ်နှစ်ခွဲမှာပဲ

မေ တခြားသူတစ်ယောက်နဲ့ လက်ထပ်တော့မယ် ဆိုတဲ့ သတင်း မောင်ကြားသိလိုက်ရ ပါတယ်

မောင့် ထက် ချစ်တဲ့သူတွေ့လို့ မေ သူနဲ့လက်ထပ်တာကို မောင်နားလည်ခွင့်လွှတ်နိုင်ပေမယ့်

မေ လက်ထပ်ပြီး ဂျပန်မှာပဲ အပြီးနေတော့မယ်၊ မေ လက်ထပ်မဲ့သူဟာ မြန်မာနိုင်ငံသား

မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာ မောင့် ရဲ့ အသည်းနှလုံး ဆုံးရှုံးလိုက်ရတာထက်

မောင့် နိုင်ငံအတွက် အားထားရမယ့် ပညာတတ်ရတနာလေး ဆုံးရှုံးသွားတာကိုတော့

မောင် ဖြေသိမ့်လို့မရဘူး မေရယ်

မေ တို့ လက်ထပ်တဲ့ သတင်းလေးကို ကြားရပါတယ်

မေရေ....

မောင့် အတွက် မငဲ့ကွက်ပေမယ့်

မေ ငဲ့ကွက်ရမယ့်အကြောင်းတွေကို ပြန်လည်စဉ်းစားပြီး

လွမ်းလို့ကျန်ခဲ့တဲ့ မောင့်ထံကို အလည်တော့ ပြန်လာခဲ့ပါဦးကွယ်..............


တစ်ချိန်က သိပ်ချစ်ခဲ့ရတဲ့ “မောင်”


(မေ ဆိုသော မိန်းကလေးသည် ဒဂုံတာရာ ရဲ့ မေ မဟုတ်ပါ။ မင်းသားကြီးကျော်ဆွေ ရဲ့ မေ မဟုတ်ပါ။
မေ သည် မေ သာ ဖြစ်ပါသည်။)


အားလုံးကို လေးစားလျက်


ကိုရင်ကျော်


-------------
(၇-၉-၂၀၁၁) (၂၀း၀၀) တွင်ရေးသည်။
-------------

သူခိုး နဲ့ လင်

သူခိုး နဲ့ လင်



(ကျေးဇူးပြု၍ အချိန်ရမှသာ အစအဆုံးဖတ်စေချင်ပါသည်။ အချိန်ရတဲ့အခိုက်လေး ကိုရင်ကျော်၏ ၀တ္ထုဖတ်ပြီး အကျိုးမရှိ ဖြစ်သွားလျှင် များစွာဝမ်းနည်းပါသည်။)



ညသည် လမရှိ၊ ကြယ်မရှိ။ အမှောင်ထုသာ စိုးမိုးနေပါသည်။

လူတစ်ယောက်သည် မန္တလေးမြို့၏ အေးချမ်းသောရပ်ကွက် အတွင်းရှိ တစ်ထပ်တိုက်ပုလေး
အနီးသို့ တရွေ့ရွေ့ လျှောက်သွားသည်။

တိုက်အတွင်း မီးရောင်မှိန်မှိန် ကလေးထွန်းထားသည်။

ထိုသူသည် မှန်ပြူတင်းတံခါး အနီးသို့ ချဉ်းကပ်သွားပြီး အတွင်းသို့လှမ်းကြည့်လိုက်သည်။ ပြူတင်းတံခါးအတွင်းတွင် သံတိုင်များ စိုက်ထားသည်။ မီးရောင်မှိန်မှိန်အောက်တွင် ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများကို စနစ်တကျ နေရာချထားသည်ကို တွေ့ရှိရသည်။

မှန်ပြူတင်းအနီးမှ အသာခွါခဲ့ကာ......... အိမ်ရှေ့တံခါးဖက်လှည့်ထွက်ခဲ့သည်။

တံခါးမကြီးကို အသာဆွဲကြည့်သည်။ မရ။ အားစိုက်ပြီးဆွဲလိုက်သည်။ ပါလာသည့် ပစ္စည်းတစ်ခုနှင့် ကလန့်လိုက်သည်။ အနည်းငယ်အားစိုက်ပြီးဆွဲလိုက်သည်။ ပါလာသည့် ပစ္စည်းဖြင့် ထပ်ကလန့်လိုက်သောအခါ တံခါးပွင့်သွားသည်။

အိမ်ထံသို့ အသာဝင်လိုက်သည်။ မီးရောင် မှိန်မှိန်အောက်တွင် တွေ့ရသော ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများအနက် အလွယ်တကူသယ်ယူသွားနိုင်သည့် ပစ္စည်းကို ရှာသည်။

တွေ့ပါပြီ။ Laptop Computer တစ်လုံး နောက်ဆုံးထွက်ပစ္စည်းဖြစ်နိုင်သည်။

Laptop Computer အနားသို့ ဖြေးညင်းစွာသွားလိုက်ပြီး တပ်ထားသော ပါဝါကြိုးကို အသာဖြုတ်ရန်ပြင်လိုက်စဉ်.............

“မလှုပ်နဲ့နော်.........ခေါင်းရှစ်စိတ်ကွဲသွားမယ်”

အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ Laptop Computer ကို ပြန်ချလိုက်သည်။

“နောက်လှည့်.........ဟိုဆက်တီထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေ”

အသံမာမာနှင့် သံဒုတ်ကို ကိုင်၍ အမိန့်ပေးနေသော မိန်းမချောလေးကို တွေ့လိုက်ရသည်။

ဘာမှ ပြန်မပြောဝံ့။ လက်ထဲမှ သံဒုတ်ကို ကြည့်ပြီး သူခိုင်း ဒူးတုန်နေသည်။

ပြောသည့်အတိုင်း ဆက်တီထိုင်ခုံပေါ်မှာ သွားထိုင်သည်။ မိန်းမချောလေးက မီးများအားလုံးကို ဖွင့်လိုက်သည်။ အခန်းတစ်ခုလုံးလင်းထိန်သွားသည်။

“ခဏထိုင်နေ.....ရီးတီးယားတား မလုပ်နဲ့နော်.......သံဒုတ်စာမိသွားမယ်၊ မိန်းကလေး တစ်ယောက်ထဲဆိုပြီး အထင်မသေးနဲ့၊ ကျမ ကွန်ပျူတာ ဖွင့်ဦးမယ်၊ ထိုင်ရာကမထနဲ့နော်”

မိန်းမချောလေးက မီးခလုတ်ကို ဖွင့်၊ Laptop Power ကို ဖွင့်လိုက်သည်။ သူမမျက်လုံးများက သူခိုးကို စူးစိုက်ကြည့်လျက်၊ လက်ထဲမှာလည်း သံဒုတ်ကို စွဲကိုင်လျက် အသင့်အနေအထား ပြင်ဆင်ထားသည်။

သူခိုးမှာ လူမိသွားသဖြင့် ခေါင်းကို ငုံထားသည်။

မိန်းမချောလေးက Laptop ကို ဖွင့်ပြီးနောက် သီချင်းအေးအေးလေးများကို ဖွင့်ထား လိုက်သည်။ တံခါးကိုလည်း သွား၍ ပိတ်လိုက်ပြီး အတွင်းမှ သော့ခတ်ထားလိုက်သည်။

မိန်းမချောလေးသည် သံဒုတ်ကို ကိုင်လျက် သူခိုးနှင့် မျက်နှာချင်းဆိုင် ဆက်တီထိုင်ခုံပေါ် လာထိုင်သည်။

“ရှင်........အအေးသောက်မလား”


“ဗျာ.........”

“အအေးသောက်မလားလို့မေးတာ......”


“မသောက်.......မသောက်ပါရစေနဲ့”

“ဘာလဲရှင်က ကြောက်နေပြီလား..........၊ အအေးထဲမှာ အဆိပ်မခတ်ပါဘူး၊ သူခိုးဖြစ်ပြီး မိန်းခလေးငယ်ငယ်ကလေးကို ကြောက်နေတာလား၊ သောက်ပါ ကျမ ရေခဲသေတ္တာထဲက ယူပေးပါမယ်”

“ဟုတ်ကဲ့......ဟုတ်ကဲ့”

မိန်းမချောလေးက သူခိုးကို ရေခဲသေတ္တာထဲမှ အအေးပုလင်း နှစ်ပုလင်းကို ထုတ်ယူလာပြီး သူခိုးကို တစ်ပုလင်းပေး၍ သူမကိုယ်တိုင် တစ်ပုလင်းဖောက်သောက်သည်။

“ရှင့် ကြည့်ရတာလဲ သူခိုးပုံမပေါက်ပါဘူး”

“ကျနော် သူခိုး မဟုတ်ပါဘူး”

“အော်...........အိမ်ထဲအထိရောက်လာ၊ Laptop ကိုတောင် ယူတော့မယ်လုပ်နေတာ သူခိုးမဟုတ်လို့ ရှင်ကဘာလဲ...........”

“တကယ်ပြောတာပါ ကျနော် သူခိုးအစစ်မဟုတ်ပါဘူး”

“တတ်ပဲတတ်နိုင်လွန်းတယ်ရှင်.......သူခိုးအတုပေါ့၊ ကျမနားမလည်ဘူး”

“ဒီလိုပါ ခင်ဗျာ.......၊ ကျနော့မိန်းမ အသည်းအသန်ဖြစ်နေတာ ဆေးကုဖို့ ငွေအရေးတကြီး လိုနေလို့ ကြံရာမရဖြစ်ပြီး ရရာပစ္စည်း ၀င်ခိုးတာပါ”

“ရှင်ပြောတာအမှန်တွေဘဲလား”

“အမှန်တွေပါ........ကျနော် တကယ်အခက်အခဲဖြစ်နေလို့သာ ၀င်ခိုးတာပါ”

“ငွေဘယ်လောက်လိုလဲ”

“ငါးသောင်းလောက်ဆိုရင်.........အဆင်ပြေနိုင်မယ်ထင်ပါတယ်”

“ကျမ.........ရှင်ကို တစ်သိန်းပေးမယ်.........ဒါပေမယ့် ကျမ ကို တစ်ခု အကူအညီပေးရမယ်”

“ဗျာ.......ဘယ်လို.........”

“ရှင်လိုတဲ့ ငွေငါးသောင်းမကဘူး ၊ ကျွန်မ တစ်သိန်းပေးမယ်ပြောတာ .........ပြီးတော့.....”

“ဟုတ်ကဲ့ ပြီးတော့ ဘာဖြစ်လဲခင်ဗျ”

“ကျမနဲ့အတူ နေပေးရမယ်”

“ဟာဗျာ.....”

“ရှင် တလွဲမထင်နဲ့ .......... ကျမနဲ့အတူနေပေးရမယ်ဆိုတာ ၊ ဒီဆက်တီမှာပဲ ထွေရာလေးပါး ပြောနေရမယ်၊ ပြီးရင် ကျမ ပြန်ခိုင်းတဲ့အချိန် ရှင်ချက်ချင်း ထပြန်ရမယ်”

“ငွေက ဘယ်တော့ပေးမှာလဲ”

“ရှင့် ကို ပြန်လွှတ် လိုက်တာနဲ့ ချက်ချင်းပေးလိုက်မယ်”

“ကောင်းပြီလေ.......ကျနော့ကို ရဲလက်မအပ်တာထက်စာရင် အဆင်ပြေပါတယ်”

“ကောင်းပြီ .......... ကျမကို ရှင်မိသားစုအကြောင်း၊ ရှင်ပြောချင်တဲ့အကြောင်းပြော၊ ကျမကလည်း ရှင့်ကို ပြောချင်တာပြောမယ်”

“ဟုတ်ကဲ့ပါ........”

“ဒါပေမယ့်..........ရှင့်ကို ကျမသတိပေးထားရဦးမယ်...........ရှင်စကားပြောတဲ့အခါ ..... ထိုင်ရာက မထနဲ့နော်........မိန်းကလေးတစ်ယောက်ထဲဆိုပြီး.........အထင်မသေးနဲ့နော်.. ..... ကျမက ဂျူဒို.........ကရာတေး ...........တွေမှာ ခါးပတ်နက်ရထားတယ်...........”

“ဟုတ်ကဲ့ပါ ခင်ဗျာ.....”


မိန်းမချောလေးနှင့် သူခိုးတို့သည် ထွေရာလေးပါးစကားများ ပြောလျက်ရှိသည်မှာ ည(၁၂)နာရီ ထိုးလုအချိန်တိုင်လေသည်။

===========

“မိန်းမရေ........မိန်းမရေ.........တံခါးဖွင့်စမ်းပါဦး..........မောင်ပြန်လာပြီလေ”

အိမ်အပြင်ဘက်မှ အော်ခေါ်သံ ကြားလိုက်ရသည်။

“ကျမယောက်ျားပြန်လာပြီ..........ရှင်........ပြန်တော့”

“ဘယ်ကပြန်ရလဲ.......ခင်ဗျားယောက်ျားနဲ့တိုးမှာပေါ့”

“နောက်ဖက်တံခါးဖွင့်ပြီးထွက်ပေါ့၊ ရှင်..........ဒီမှာနေဦး ကျမပိုက်ဆံသွားယူလိုက်ဦးမယ်”

မိန်းမချောလေးသည် အိမ်အတွင်း ပိုက်ဆံဝင်ယူပြီး သူခိုးလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ရော့.......နောက်ဖေးတံခါးက ဒီဘက်မှာ မြန်မြန်သွား ကျမယောက်ျား ရှင့်ကို မိသွားရင် မလွယ်ဘူး”

သူခိုးသည် ပိုက်ဆံကို ကမန်းကတန်းယူပြီး နောက်ဖေးပေါက်ကို အပြေးတစ်ပိုင်းသွားပြီး တံခါးဖွင့်၍ ထွက်သွားသည်။


“မိန်းမရေ.....မီးတွေလည်းလင်းလို့ .........တံခါးလာမဖွင့်ပေးသေးဘူးလား”


မိန်းမချောလေးသည် သော့ယူပြီး အိမ်ရှေ့ တံခါးကို သွားဖွင့်ပေးလိုက်သည်။

“မိန်းမကလည်းကွာ ကြာလိုက်တာ.....အိပ်ပျော်နေတာလား၊ အိပ်နေတာတော့ မဖြစ်လောက်ပါဘူး”

“မအိပ်သေးပါဘူးမောင်ရယ်..........မောင့်ကို စောင့်နေတာပါ”

“မင်းငါ့ကိုစောင့်နေတယ်ဆိုပေမယ့် စောစောက လူသံလည်းကြားတယ်၊ တံခါးဖွင့်သံတွေလည်း ကြားတယ်၊ ဘယ်သူလဲကွ”

“မောင်ရယ် ......... မောင်........မူးလာလို့ထင်ပါတယ်.......ဘယ်သူမှ မဟုတ်ပါဘူး”

“ငါမယုံဘူး .......နောက်ဖက်သွားကြည့်မယ်”


အမူးသမားလင်ယောက်ျားသည် နောက်ဖေးသို့ သွားကြည့်ရာ တံခါးပွင့်နေသည်ကို တွေ့လိုက်ရသဖြင့် ဒေါကြီးမောကြီးနှင့် မိန်းမချောလေးကို အော်ပြောလေသည်၊

“ဟေ့..........မိန်းမ ......... မင်းငါ့အပေါ် သစ္စာဖောက်တာပေါ့၊ ငါမရှိတုန်း လင်ငယ်နဲ့ အကြည်ဆိုက်နေတာပေါ့လေ”

“မဟုတ်ရပါဘူး မောင်ရယ်”

“ဘာမဟုတ်ရမှာလဲ.........မင်းနော်.......ငါ.........စိတ်ဆိုးလာပြီ”


“တကယ်ပါမောင်ရယ်.........စောစောက ထွက်သွားတာ သူခိုးပါ”

“ဘာကွ”

“ဟုတ်ပါတယ်.......မောင်ရယ်.......သူခိုးပါ”

“အော် သူခိုးတဲ့လား..........ဒီမှာကြည့်စမ်း၊ စားပွဲပေါ်မှာ အအေးပုလင်း နှစ်ပုလင်း၊ သူခိုးနဲ့ အအေးသောက်ပြီး အကြည်ဆိုက်နေတာပေါ့”

“မဟုတ်ပါဘူးမောင်ရယ်........”

“မင်းကွာ.........ငါ့ကို စိတ်တိုအောင်မလုပ်နဲ့.........၊ ငါ အရက်သောက်လာပေမယ့် ဒီလောက် အထိ မထုံဘူး၊ မအဘူးကွ”

“ကဲပါမောင်ရယ်.........မောင့်ကို ချော သက်သေပြပါမယ်၊ သူခိုးနဲ့ ထိုင်ပြီး အအေးသောက် တယ်၊ ထွေရာလေးပါးပြောတယ်၊ ပြီးတော့ သူ့ကို ငွေတစ်သိန်းပေးလိုက်တယ်”

“မင်းလွန်လာပြီနော်..........၊ သူခိုးကို ရဲလက်အပ်လိုက်ပြီးတာဘဲ”

“မောင်ရယ်........မောင့်ကို ချောမညာပါဘူး၊ အဲဒီသူခိုးကို အချိန်မရွေးဖမ်းလို့ရပါတယ်၊ ဒီမှာလာကြည့်”

မိန်းမချောလေး ချောသည် Laptop Computer နားသို့ ခေါ်သွားသည်။

“ဟာ..........မင်း.........မောင်တို့အခန်းကို CCTV တပ်ထားတာပေါ့”

“ဟုတ်တယ်မောင်.........ချောနေ့လယ်က ICT Expo 2011 သွားရင်း ၀ယ်လာတာပေါ့”

“မောင် ဒီမှာကြည့် Recording လုပ်ထားတယ်၊ အသံပါ ကူးထားတယ်”

ချောသည် CCTV မှ Recording လုပ်ထားသည့် File ကို ပြန်ဖွင့်ပြသောအခါ သူခိုးကို အအေးတိုက်သည် မှ နောက်ဆုံးထွက်သွားသည်အထိ ပြန်လည် ကြည့်ရှုရလေသည်။


“ချော........ဘာသဘောနဲ့........ဒီလိုလုပ်တာလဲ၊ မောင်တော့ လုံးဝနားမလည်တော့ဘူး ပြီးတော့ ဂျူဒို.......ကရာတေးတွေ တတ်ထားတယ်လို့လည်း မောင် မသိရပါလား”

“ချော...ရှင်းပြပါမယ်မောင်ရယ်... ဂျူဒို.......ကရာတေးတွေ တတ်ထားတယ်ဆိုတာ မဟုတ်ပါဘူး သူခိုးကြောက်အောင် ခြောက်ထားတာပါ.... ရှင်းမပြခင် ချောမေးတာကို မောင် မှန်မှန်ဖြေရမယ်နော်”

“ဖြေပါမယ် ချောရယ်”

“နံပါတ်တစ်.......မောင်နဲ့ချော မိဘတွေပေးစားလို့ယူတာလား၊ တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်ပြီးမှ လက်ထပ်ခဲ့တာလား”

“မောင်က ချောကို မြတ်နိုးသလို ချောကလည်း မောင်ကို တွယ်တာခဲ့ပြီးမှ လက်ထပ်ခဲ့ကြတာဘဲ၊ မိဘတွေပေးစားလို့မှမဟုတ်တာ”

“ဟုတ်ပြီလေ........မောင်.....နဲ့ ချော လက်မထပ်ခင်က မောင်အရက်သောက်တတ်သလား”

“မသောက်တတ်ပါဘူး.........မောင့်အလုပ်နဲ့ ပတ်သက်ပြီး သောက်စားတတ်ရာကစပြီး မောင် အရက်သောက်တတ်သွားတာပါ”

“မောင်အရက်မသောက်တတ်ခင်က အိမ်ကို ဘယ်အချိန်ပြန်ရောက်သလဲ”

“ညနေ ၅ နာရီခွဲလောက်ဆို ပြန်ရောက်ပြီလေ”

“ဟုတ်တယ်မောင်........မောင်နဲ့ချော လက်ထပ်ပြီး သုံးလလောက်အထိ မောင် အိမ်ပြန်ရောက် ချိန် စောခဲ့တယ်”

“မောင် ..........၀န်ခံပါတယ်၊ မောင် အပေါင်းအသင်းတွေ နဲ့ အရက်သောက်တတ်တဲ့ အချိန်က စပြီး ည (၁၁)နာရီ (၁၂)နာရီ လောက်မှ ပြန်ရောက်ပါတယ်”

“ဒါဆို........မောင့်ကို ချော ရှင်းရှင်းမေးမယ်၊ ချော ထက် အရက်ကို ပိုချစ်သလား”

“အာ..........ဒါကတော့ မောင် အပေါင်းအသင်းတွေကြောင့် သောက်တာဘဲ၊ အရက်ထက် ချောကို ပိုချစ်တာပေါ့”

“ချောကို ပိုချစ်ရင် မောင့်ဇနီး အချောအလှလေးကို ညအခါ တစ်ယောက်ထဲ ပစ်သွားရက်တယ်ပေါ့............”

“ဒီလိုတော့ မဟုတ်ပါဘူးချောရယ်”

“ချောတို့နေတဲ့ အိမ်ဟာ ၀င်းခြံလေးနဲ့ သီးသန့်လေး၊ ပတ်ဝန်းကျင်နဲ့ သိပ်ပြီး မနီးစပ်ဘူး၊ ချောလို မိန်းမတွေအတွက် အန္တရာအလွန်များတယ်ဆိုတာ သိစေချင်လို့ သူခိုးကို ငွေတစ်သိန်း အဆုံးရှုံးခံပြီး ဒီလိုလုပ်လိုက်ရတာပါမောင်ရယ်.........မောင့်ကို သိပ်ချစ်လွန်း လို့ပါ..........”

“မောင်...........နားလည်သဘောပေါက်ပါပြီချောရယ်.........”

“မောင်....နားလည်သဘောပေါက်ရုံနဲ့မပြီးသေးဘူး........မောင်အရက်မသောက်နဲ့တော့ နော်”

“မသောက်တော့ပါဘူး”

“လွယ်လွယ်နဲ့တော့ကတိမပေးပါနဲ့နော်၊ ချောက မောင်ကတိပေးပြီး ကတိမတည်ရင် အမေ့ အိမ်ကို အပြီးပြန်သွားမှာ”

“တကယ်ပြောတာပါ ချောရယ်၊ မောင် အရက်လုံးဝမသောက်တော့ပါဘူး၊ အိမ်ကိုလည်း လုံးဝမပြန်သွားစေရပါဘူး။ မောင်လေ......... ချောနဲ့ တကယ်မခွဲနိုင်ပါဘူး”

“မောင်.........ကတိတည်ရမယ်နော်”

“တည်ပါတယ်ချောရယ်........မောင့် အချစ်ဆုံးချောလေးရယ်”

အမူးသမားလင်တော်မောင်သည် ချစ်ဇနီး မိန်းမချောလေး ချောကို အားပါးတရ ပွေ့ဖက်ရင်း အိပ်ခန်းအတွင်း ၀င်သွားချိန်တွင်မတော့...............

“သောက်ကောင်မ ........... သူ့ယောက်ျား အမူးသမား သူ့ဖက်ပါအောင် ငါ့ကို ငွေတစ်သိန်း ပေးပြီး CCTV နဲ့ပညာပြသွားတာပေါ့လေ”

ဟု လင်မယားနှစ်ယောက် ဘာများဖြစ်လိမ့်ဦးမလဲဟု သိချင်စိတ်ပြင်းပျနေသော သူခိုးက တစ်ခေါက် ပြန်ဝင်လာပြီး အပြင်ဘက်မှ ချောင်းနားထောင်နေသည်ကို တော့ ...........


---------
ချစ်ခင်လေးစားလျက်

ကိုရင်ကျော်.....

(၄-၉-၂၀၁၁) (၂၀း၁၀)

Thursday, May 10, 2012

ဂွတ်ထမောနင်းပါမေမေ

“မောင်လေးရေ…ထပါတော့…ရောင်နီလာလှပေါ့…တစ်ကျော့နှစ်ကျော့တေးကိုသီ…ငှက်ကြားနှုတ်ပလီ…တောင်ဆီနား ကခရပန်းပင်အောက်ကြိုင်လို့လန်း…”

မမကြူက ကောင်းမွန်ကို နံနက်ချိန်ရောက်တိုင်း နိုင်ငံကျော်အဆိုတော် တင်တင်မြသီဆိုသော တစ်ကျော့နှစ်ကျော့ တေးကိုသီ သီချင်းလေးဖြင့် နှိုးနေကျဖြစ်သည်။ အိပ်ယာက စောစောနိုးနေသော်လည်း မမကြူ၏ တေးသံလေးဖြင့် လာမနှိုးမချင်း ကောင်းမွန်က အိပ်ယာထဲတွင် အပျင်းထူနေလေ့ရှိသည်။

မမကြူကလည်း ကိုယ့်မောင်လေးအကြောင်းကို သိပြီးသားမို့ နံနက် စောစောထပြီး သနပ်ခါးအဖွေးသားလေးလူးပြီး ကောင်းမွန်ကို သွားနှိုးသည်။ မမကြူလာနှိုးတော့မှ ကောင်းမွန် အိပ်ယာကထပြီး မျက်နှာသစ်သည်။ သွားတိုက်သည်။ မမကြူက ကောင်းမွန်အိပ်ယာကနိုးလျှင် မီးဖိုချောင်ထဲ မေမေ့ကိုသွားကူသည်။

ဖေဖေက နံနက် ၅ နာရီတွင် အိပ်ယာထ၍ ၀ိပဿနာတရားကို နေ့စဉ် အားထုတ်သည်။ မမနဲ့မေမေတို့ နံနက်စာပြင်ဆင်ပြီးချိန်တွင် ဖေဖေက တရားထိုင်ပြီးသည့်အချိန်နှင့် ကိုက်ညီသည်။

ဖေဖေက နံနက်စာပြင်ထားသည့် စားပွဲနားကို ရောက်လာသည်။ ကောင်းမွန်ကလည်း သူ့နေရာတွင် သူဝင်ထိုင်လိုက် သည်။ နံနက်ခင်းအချိန်လေးသည် မိသားစု ၄ ယောက် စလုံးဆုံသည့်အချိန်ဖြစ်သည်။ မေမေက ဖေဖေ့အတွက် ပြင်ဆင်ပေးသည်။ မမကြူက ကောင်းမွန်အတွက် ပြင်ဆင်ပေးသည်။

“ဂွတ်ထမောနင်း ဖေကြီးရေ”

ရုတ်တရက် ပြောလိုက်သော မေမေ့စကားကြောင့် ဖေဖေက ပြုံးလိုက်သည်။ မမကြူနှင့် ကောင်းမွန်ကလည်း မေမေ့ကို နားမလည်သည့် အမူအယာနှင့်ကြည့်လိုက်သည်။

“ဂွတ်ထမောနင်း သမီး နဲ့ သားရေ”

ဒီနေ့မှ အထူးအဆန်းစကားတွေပြောနေသော မေမေ့ကို ကြည့်၍ မောင်နှမနှစ်ယောက် အံ့သြနေသည်။

“အားလုံး ကော်ဖီ ဒရင့်ပြီး ကိတ်မုန့်လေးတွေ အိ ကြနော်”

“မေမေရယ်…ဘယ်လိုဖြစ်နေတာလဲ”

မမကြူက မနေနိုင်တော့ မေးမိသည်။

“မေမေက အင်္ဂလိပ်လို စကားပြောတတ်အောင်လေ့ကျင့်နေတာ သမီးရဲ့”

“ဘာလို့လေ့ကျင့်နေတာလဲ မေမေ”

“သားလေးက နောက်လဆိုရင် နိုင်ငံခြားသွားပြီး ပညာသင်မှာလေ။ အဲဒီတော့ သားနဲ့ဖုန်းဆက်တဲ့အခါ မေမေက အင်္ဂလိပ်လိုပြောမှ သားနားကသူငယ်ချင်းတွေက သားကို အထင်မသေးမှာပေါ့ သမီးရဲ့”

“မေမေရယ်…သမီးတို့က ဗမာပဲ ဗမာလိုပြောတာ အထင်သေးစရာရှိလို့လား”

“ဟုတ်သားပဲ မေမေကလည်း”

ကောင်းမွန်ကပါ ၀င်ပြောသည်။

“သမီးနဲ့သား ဖေဖေပြောမယ်။ သမီးတို့သားတို့ မေမေ ပြောချင်သလိုပြောစမ်းပါစေကွယ်”

ဖေဖေက ၀င်ပြောသဖြင့် ဘာမှ ပြန်မပြောဘဲ နေလိုက်ကြသည်။

“မနေ့က ဈေးသွားရင် အင်္ဂလိပ်စာ မီးနင်းစာအုပ်လေးဝယ်လာခဲ့တယ် သမီးရဲ့။ မြန်မာလိုရေးထားတာလေး တွေပါတော့ မေမေကျက်ရလွယ်တာပေါ့”

“အင်းပါ”

မမကြူက စိတ်မသက်မသာနှင့် ပြန်ဖြေလိုက်သည်။

“သမီးနဲ့သား ရှစ် အာဝါမှာ သင်တန်းသွားရမှာမဟုတ်လား”

မေမေက (၈)နာရီမှာ သင်တန်းသွားရမှာ မဟုတ်လားဟုမေးခြင်းဖြစ်သည်။ မမကြူနဲ့ကောင်းမွန်က ခေါင်းညိတ်ပြလိုက်သည်။

“သင်တန်းပြီးရင် အိမ်ကို တန်းတန်း ဂိုးဘက်ခဲ့နော်။ သားလေးကောင်းမွန်အတွက် လိုအပ်တာလေးတွေ ဈေးမှာ သွား ဘိုင်ရအောင်”

“မေမေနဲ့တော့ ခက်နေပါပြီ။ အိမ်ကိုတန်းတန်းပြန်လာခဲ့။ ဈေးသွားဝယ်ရအောင်လို့ ဗမာလိုပြောလဲရတဲ့ဟာကို” မမကြူစိတ်ထဲမှ ပြောနေမိသည်။

♥♥♥♥♥

“မမ”

“ရှင့်”

မမကြူနဲ့ ကောင်းမွန်စကားပြောတိုင်း သုံးသည့် စကားလုံးများဖြစ်သည်။ မောင်နှမ နှစ်ယောက်မှာ အလွန်ချစ်ကြ သည်။ တစ်ယောက်အပေါ်တစ်ယောက် ညှာတာသည်။ ဖေဖေ နဲ့ မေမေကလည်း မောင်နှမ နှစ်ယောက် ချစ်ချစ်ခင်ခင် နေတာကိုကြည့်၍ ကြည်နူးနေသည်။

ကောင်းမွန်က မလေးရှားနိုင်ငံ မှာ ကွန်ပျူတာပညာသွားသင်တော့မှာမို့ လိုအပ်သည့်အခြေခံလေးရသွားအောင် ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြော သင်တန်းလိုက်တက်နေသည်။ မမကြူကလည်း အတူတက်ချင်သည် ဆိုသောကြောင့် မောင်နှမနှစ်ယောက် ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်းများကို မမောမပန်း တက်ရသည်မှာ ပျော်စရာကောင်းနေသည်။

“မမ…မေမေ့ အပြောအဆိုတွေကို ကျွန်တော် မကြိုက်ဘူးဗျာ”

“ဟုတ်တယ် မောင်လေးရဲ့…မမလည်း မကြိုက်ဘူး။ ဗမာလို ပြောရင်လည်းဖြစ်တဲ့ဟာကို”

“မေမေက လေးတန်းပဲအောင်ထားတာ ဆိုတော့ အင်္ဂလိပ်စကား အသုံးအနှုန်းတွေကို မှန်အောင် ဘယ်သုံးတတ် မလဲနော်”

“ဟုတ်တယ်…မောင်လေး…မေမေ့ အသက်အရွယ်ကြီးနဲ့ အဲလိုပြောတော့ ရယ်စရာကြီးဖြစ်နေတာနော်”

“ကျွန်တော်ကတော့ ရယ်ချင်လွန်းလို့ အောင့်ထားရတာ”

“အင်း….ဖေဖေက ဘာမှ မပြောတော့ ခက်တယ်”

“ဖေဖေကလဲ မေမေ ဘာလုပ်လုပ် ဘာပြောပြော တစ်ခွန်းမှ ၀င်ပြောတာ…ဟန့်တားတာ မရှိတော့ ကျွန်တော်တို့ တားလဲရမှာ မဟုတ်ဘူးနော်”

“အေးပါ…မောင်လေးရယ်”

“မေမေက အင်္ဂလိပ်စကားကို ကြားညှပ်ပြောတာ သူများတွေကြားရင် မေမေ့ကို အထင်သေးမှာ မမရဲ့”

“မေမေ ပြောတာ မှားနေပါတယ်လို့ ပြောရင်လဲ ပြင်မပေးရဲဘူး…မောင်လေး”

“မေမေ့ကြောင့် ခက်ပါတယ်မမရယ်”

မောင်နှမ နှစ်ယောက်စကားပြောရင်း ကွန်ပျူတာသင်တန်းကို ရောက်သည့်တိုင် မေမေ့အကြောင်းက ပြောလို့ မကုန်နိုင်အောင်ဖြစ်နေသည်။

♥♥♥♥♥

“သမီးနဲ့သားတို့တောင် ရီတန်း(return)လာပြီပဲ”

သင်တန်းမှ ပြန်လာသော မောင်နှမနှစ်ယောက်ကို မြင်သောအခါ ဧည့်သည်နှင့်စကားပြောနေသော မေမေက လှမ်းပြောသည်။

“မခင်ရေ…စကားတွေ ဂွတ်(Good)နေလိုက်တာ…နောက်မှ ဆက်ပြောရအောင်နော်။ သမီးနဲ့သားကို ထမင်း ဖိ(Feed)ဖို့ ရပဲယား(repair) လိုက်ဦးမယ်”

မမကြူက “မေမေရယ်…စကားကောင်းနေလိုက်တာ၊ သမီးနဲ့သားကို ထမင်းကျွေးဖို့ ပြင်လိုက်အုံးမယ်” လို့ ရိုးရိုး ပြောရင်ဖြစ်တာပဲဟု စိတ်ထဲမှာ ပြောလိုက်သည်။

ဧည့်သည် ဒေါ်ခင်က မေမေ့စကားကို ပြုံး၍နားထောင်နေသည်။

“မခင်ရယ်…ဖရီး(Free)တဲ့အခါ မကြာမကြာ ကမ်း(come) ခဲ့စမ်းပါ။ သားလေးက မလေးကို ကွန်ပျူတာ သွား လန်း(learn) ရမှာလေ။ အခု မောင်နှမ နှစ်ယောက် ကွန်ပျူတာနဲ့ အင်းဂလိရှစ် ကို သွားပြီး ကလိုင်း(Climb)နေကြ တာလေ”

“မခင်လည်း အလုပ်ရှိလို့ပြန်ပါဦးမယ်”

ဒေါ်ခင်ခင်က မေမေ့ကို နှုတ်ဆက်ပြီး အိမ်မှထွက်သွားသည်။

“မေမေ…”

“ဘာလဲ…သမီး”

“သမီးပြောမယ်…”

“ဘာပြောချင်တာလဲ သမီးရဲ့”

“မေမေရယ် စကားပြောတဲ့အခါ ဗမာလိုပဲ ပြောပါနော်။ အင်္ဂလိပ်စာလုံးတွေ မပီမသနဲ့ မပြောတတ်ပြောတတ် ထည့်ပြောတော့ သူများကြားရင် သမီးတို့ရှက်တယ်”

“ဟုတ်တယ် မေမေ”

“သြော်…မောင်နှမနှစ်ယောက်က အတိုင်အဖောက်ညီလှချည်လား။ မေမေက သမီးနဲ့သားကို ဂုဏ်မြင့်ချင်လို့ပါ ကွယ်”

“မဟုတ်သေးဘူးထင်တယ်မေမေ”

“တော်စမ်းပါအေ…ညည်းတို့ကို ငါကမွေးထားတာပါ။ ငါ့ကို လေးတန်းပဲအောင်တယ်ဆိုပြီး အထင်သေးလို့ ပြောတာလား”

“သမီးနဲ့သား”

ဖေဖေက အိပ်ခန်းထဲက ထွက်လာပြီး ခေါ်လိုက်တယ်။

“ဟုတ်ကဲ့…ဖေဖေ”

“သမီးနဲ့သားရဲ့မေမေ ပြောတတ်သလိုပြောတာကို လက်ခံပေးလိုက်ပါလား”

မမကြူ နှင့် ကောင်းမွန်တို့၏စိတ်ထဲတွင် မကျေမလည်ဖြစ်သော်လည်း ဖေဖေ့စကားကို မလွန်ဆန်ဝန့်သောကြောင့် ခေါင်းညိတ်လိုက်ရသည်။

♥♥♥♥♥

“ကြူ”

မမကြူသူငယ်ချင်း မတင်မျိုးဝေက ကွန်ပျူတာ သင်တန်းမှ အထွက်တွင် လှမ်းခေါ်လိုက်သဖြင့် လှည့်ကြည့်လိုက်သည်။

“ဘာလဲ…ဝေ”

“မကြူတို့ မောင်နှမ နှစ်ယောက်ကို အကူအညီတောင်းမလို့”

“ဘာများလဲ ဝေ”

“လာမယ့် တနင်္ဂနွေနေ့ ဝေ့မွေးနေ့လေ။ မွေးနေ့အတွက် အိမ်မှာ ညအိပ်ပြီ လာကူပေးဖို့ပါ”

“ဒါများ….ဝေရယ်…ဖေဖေနဲ့မေမေကို ပြောပြီး လာခဲ့မယ်လေ”

“ကျေးဇူးတင်ပါတယ်…ကြူရေ…မောင်လေး ကောင်းမွန်ကလဲ မဝေတို့ကို ကူရမယ်နော်”

“ကျွန်တော်တို့ မောင်နှမက အတွဲညီပြီးသားပါ။ မမ…သူငယ်ချင်းဆို ကျွန်တော်…၀ိုင်းကူလုပ်ပေးမှာပေါ့”

“ကြူရေ…စောင့်နေမယ်နော်”

“စိတ်ချပါ…ဝေ”

အိမ်ပြန်ရောက်တော့ ဖေဖေနှင့် မေမေကို အကျိုးအကြောင်းပြောပြသည်။ ရှောရှောရှူရှူပင် ခွင့်ပြုသောကြာင့် လိုအပ်သော ပစ္စည်းမျာကို ယူပြီး ထွက်လာခဲ့ကြသည်။

♥♥♥♥♥

လူချင်းသာခင်မင်ရင်းနှီးနေသော်လည်း မတင်မျိုးဝေတို့အိမ်ကိုမရောက်ဖူးသဖြင့် မေးမြန်းပြီးသွားရသည်။ အိမ်ရှေ့ကို ရောက်သောအခါ ခြံတံခါးပိတ်ထားသဖြင့် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ ခေတ်မီမီ ၀တ်စားထားသော အမျိုးသမီးကြီးတစ်ယောက်အိမ်ထဲမှ ထွက်လာသည်ကို တွေ့ရသည်။ ဆံပင်ကို အကြေကောက်ကောက်ထားသည် မှာ အသက်အရွယ်နှင့် မလိုက်ဟုထင်သည်။ အနားကို ရောက်မှ မျက်နှာကို ကြည့်လိုက်သည့်အခါ မိကပ်တွေအဖွေး သားလိမ်းခြယ်ထားသည်ကို တွေ့ရသည်။

လက်စွပ်တွေကလည်း လက် ၁၀ ချောင်းအပြည့်ပါလား။ ဆွဲကြိုးကြီးကလည်း အကြီးကြီးပဲ။ လက်ကောက်တွေက လည်း မနည်းပါလား။ စိန်နားကပ်ကလည်း အရောင်တ၀င်းဝင်းနဲ့။

အသက်အရွယ်နှင့်မလိုက်ဖက်အောင် ဖြစ်နေသည့် အမျိုးသမီးကြီးသည် အသားကလည်း မည်းလိုက်သေးသည်။ တင်မျိုးဝေက ညိုချောလေးဆိုတော့ သူ့အမေတူတာ ဖြစ်နိုင်သည်။

“သမီးရဲ့…သူငယ်ချင်းတွေထင်တယ်”

“ဟုတ်ကဲ့ရှင့်”

“လာကြ…လာကြ သမီးက မှာထားတယ်။ ရက်ကွက်ထဲကို စားပွဲ၊ ကုလားထိုင်သွားငှားနေတယ်။ လာတော့မှာပါ”

ထိုအမျိုးသမီးက ပြောပြောဆိုဆိုနှင့် ခြံတံခါးကို ဖွင့်ပေးသည်။ မမကြူနှင့် ကောင်းမွန်းက ထိုအမျိုးသမီး၏ နောက်က လိုက်သွားလေသည်။

♥♥♥♥♥

အတော်ကလေးကြာတော့ တင်မျိုးဝေ ပြန်ရောက်လာသည်။ မမကြူတို့ မောင်နှမကို မြင်တော့ ၀မ်းသာအားရဖြစ်နေ သည်။ မမကြူနှင့် ကောင်းမွန်တို့ မောင်နှမနှစ်ယောက်က တင်မျိုးဝေလိုအပ်သည်များကို စိတ်ပါဝင်စားစွာ ကူညီဆောင်ရွက်ပေးနေသည်။

မောရပန်းရမှန်းမသိဖြစ်နေစဉ် ဧည့်ခန်းမှ သီချင်းသံကို ကြားလိုက်ရသည်။ တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်းဖြစ်သည်။ ချိုပြုံးသီဆိုသော အသံလည်းမဟုတ်။ ပိုးအိစံအသံလည်းမဟုတ်။ အခြားကြားဖူးနေသော အဆိုတော်များ၏ အသံလည်း မဟုတ်ဖြင့် မမကြူက ဂရုတစိုက်နားထောင်လိုက်သည်။

“ဝေ…ဒီသီချင်းကို ဘယ်သူဆိုထားတာလဲ၊ ကြားဖူးနေကျ အသံမဟုတ်တော့ တစ်မျိုးလေးဖြစ်နေတယ်”

“ကြူရယ်…အဲဒါမေမေဆိုနေတာလေ”

“ဝေ့မေမေက သီချင်းဆိုတာ ၀ါသနာပါလား”

“ပါတယ်…သီချင်းဆိုလဲ ၀ါသနာပါတယ်။ ရပ်ထဲရွာထဲမှာ အလှူအတန်းရှိရင်လဲ ၀င်ကချင်ကနေတာ”

မမကြူက တင်မျိုးဝေပြောသည်ကို ကြည့်ပြီး အံ့သြနေသည်။ တင်မျိုးဝေကလည်း သူ့အမေ၏ ၀ါသနာကို ပြောပြရသည် မှာ ဂုဏ်ယူနေပုံရသည်။

“သမီးရေ…”

“ရှင်…မေမေ”

အိမ်ထဲမှ အော်ခေါ်သံကြားရသဖြင့် တင်မျိုးဝေက ပြန်ထူးလိုက်သည်။

“သမီးရေ…လာစမ်းပါဦး”

“ကြူတို့မောင်နှမလဲ လိုက်ခဲ့လေ”

တင်မျိုးဝေက ခေါ်သဖြင့် မမကြူနှင့်ကောင်းမွန်တို့ကလည်း လိုက်သွားသည်။

“မေမေ…သမီး..ဘာလုပ်ပေးရမလဲ”

“အေသင်ချိုဆွေရဲ့ တင်းတယ် သီချင်းစီဒီ ရှာမတွေ့လို့”

“သမီး…အခန်းထဲမှာ မေမေ၊ သွားယူလိုက်မယ်နော်”

တင်မျိုးဝေက အိပ်ခန်းထဲဝင်သွားသည်။ ပြန်ထွက်လာသောအခါ စီဒီတစ်ချပ်ပါလာသည်။ EVD စက်ထဲထည့်ပေး လိုက်သည်။ တင်မျိုးဝေ၏ မိခင်က မိုက်ကို စမ်းလိုက်ပြီးနောက် အေသင်ချိုဆွေ၏ တင်းတယ် သီချင်းကို အားရပါးရ သီဆိုနေသည်။ တင်မျိုးဝေက သူ့မိခင်ကို လက်ခုပ်တီးပြီးအားပေးနေသည်။ မမကြူနှင့် ကောင်းမွန်လည်း မနေနိုင်တော့ လက်ခုပ်တီးပေးလိုက်ကြသည်။

သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုပြီးနောက် မောသွားသော သူ့မိခင်ကို တင်မျိုးဝေက အအေးဗူးယူပြီးပေးသည်။

“သမီးတို့ သီချင်းဆိုချင်လဲဆိုကြ…မေမေ တော့ မောသွားပြီ ခဏနားဦးမယ်”

မမကြူက အအေးဗူးကို လက်ကကိုင်ပြီးထွက်သွားသော တင်မျိုးဝေ၏ မိခင်ကို ကြည့်ပြီး မေမေ့ကို သတိရလိုက်သည်။

♥♥♥♥♥

“ဝေ”

“ကြူ…ဘာပြောချင်လို့လဲ”

“ကြူ…ပြောရင် ဝေစိတ်မဆိုးနဲ့နော်”

“စိတ်မဆိုးပါဘူး…ပြောစရာရှိတာပြောလေ”

“ဒီလိုပါဝေရယ်…ဝေ့မေမေက လက်ဝတ်လက်စားတွေကို ဘာ့ကြောင့် ဒီလောက်အများကြီး ၀တ်ထားရတာလဲ”

“သြော်…ဒါလား…မေမေက ကြွားချင်လို့ ၀တ်ထားတာမဟုတ်ပါဘူးကြူရယ်။ မေမေက အသက် ၂၀ အထိ အကြော်ဗန်းကို ရွက်ပြီး ရပ်ကွက်စုံအောင်လှည့်ပြီး ဈေးရောင်းခဲ့ရတာ။ မိခင်မုဆိုးမကြီးနဲ့ မောင်လေးနှစ်ယောက်ကို အကြော်ရောင်းပြီး ရှာဖွေကျွေးမွေးခဲ့တာ။ သိပ်ဆင်းရဲတော့ နားကပ်ကလေးတောင် မ၀တ်နိုင်ခဲ့ရရှာဘူး”

“အင်း”

“ဖေဖေက လက်သမားအလုပ်လုပ်တယ်။ ဖေဖေနဲ့ အကြောင်းပါပြီး လင်မယားနှစ်ယောက် ကြိုးကြိုးစားစားရှာဖွေ၊ ရှာလို့ရသမျှကို စုဆောင်း၊ ဖေဖေက ကန်ထရိုက်အလုပ်ကလေးရတော့ ပိုပြီးအဆင်ပြေလာတယ်။ နောက်တော့ ကုန်မာဆိုင်ဖွင့်ဖြစ်သွားတာပေါ့”

“တော်တော် ရုန်းကန်ခဲ့ရတာပေါ့နော်”

“ဟုတ်တယ်…မေမေက ဖေဖေ့ကို ခွင့်တောင်းတယ်”

“ဘာများလဲ ဝေ”

“ငယ်ငယ်က ဆင်မြန်းချင်ခဲ့တဲ့ ရွှေငွေတွေကို အခုဆိုရင် ၀တ်ခွင့်ရလို့ အားပါးတရကြီးဝတ်ချင်တယ်တဲ့။ ဖေဖေက မေမေ့ကို ပြန်မေးတယ်။ သူများကို ကြွားချင်တဲ့စိတ်နဲ့ဝတ်တာလားဆိုတော့ မေမေက မကြွားချင်ပါဘူး။ ငယ်ငယ်က ဆင်းရဲတဲ့အချိန်တုန်းက ၀တ်ချင်စားချင်ပေမယ့် မ၀တ်မစားရလို့ အတိုးချပြီး ၀တ်ပါရစေတဲ့။ ဖေဖေက မေမေ စိတ်ချမ်းသာမယ်ဆိုရင် လုပ်ချင်တာလုပ်တဲ့”

“ဝေကကော စိတ်ထဲဘယ်လိုခံစားရလဲ”

“ဝေတင်မကဘူး ကိုကိုကြီး၊ ညီမလေး၊ မောင်လေးတွေအားလုံးကပါ ဖေဖေနဲ့ တစ်သဘောထဲပဲ။ မေမေ စိတ်ချမ်းသာသလို နေရင် ပျော်တယ်။ မေမေက တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်းကို သိပ်ကြိုက်တာ။ ဘာလို့ကြိုက်တာလဲလို့ ဝေ…တို့က မေးတော့ သူ့ဘ၀မှာ ကျောင်းကို ကောင်းကောင်းနေခဲ့ရဘူးပေမယ့် သားသမီးတွေကို တက္ကသိုလ် အသီးသီးကို ပို့နိုင်ခဲ့တာမို့တဲ့”

“အင်း…ဝေတို့မေမေက ကံကောင်းတယ်နော်”

“အလှူတွေမှာ မေမေ၀င်ကရင် ဝေ…တို့မိသားစုက လက်ခုပ်လိုက်တီးပေးတာ သိလား။ မေမေ ပျော်နေရင်…ဝေ သိပ်ပျော်တာ ကြူရယ်။ အဲဒါ…ဝေတို့မေမေလို့ သူငယ်ချင်းတွေကို ပြောရတာ အမောပါပဲ”

“ဝေ…မေမေက ကလိုက်ခုန်လိုက် သီချင်းဆိုနေတာ ဝေတို့ မရှက်ဘူးလား”

“ကြူရယ်…ဒါရှက်စရာလား။ မေမေက မကောင်းတာ လုပ်နေတာမှ မဟုတ်ဘဲ။ ဝေတို့ချစ်တဲ့မေမေ…စိတ်ချမ်းသာပြီး ကချင်က….ဆိုချင်ဆို…ဝေပျော်တယ်။ ကြူရယ်…မေမေ့ ဘ၀ အခုမှ ပျော်ခွင့်ရတာ…မေမေ ငိုနေတာ။ ၀မ်းနည်း နေတာ။ စိတ်ဆင်းရဲနေတာ မမြင်ချင်ဘူး”

“ဝေ…ရယ်…ကျေးဇူးတင်လိုက်တာ”

“ဘာဖြစ်လို့လဲ ကြူရဲ့”

“မောင်လေးနဲ့ ကြူက မေမေ့ကို အမြင်မှားနေကြတာ”

မမကြူနဲ့ ကောင်းမွန်တို့၏ စိတ်ထဲတွင် မေမေ့ကို အင်္ဂလိပ်လို မတတ်ဘဲ ပြောနေတာကို မနှစ်သက်ကြကြောင်း၊ မပြောစေချင်တာက သူများကြားလျှင် ရှက်လို့ဖြစ်ကြောင်းပြောပြလိုက်သည်။

“မောင်လေး”

“မမ”

“မမတို့ အိမ်ပြန်ရောက်ရင် အင်္ဂလိပ်လို မေမေ ပြောတတ်သလို ပြောတာကို လက်ခံပေးရမယ်နော်။ မမတို့ မေမေကို နားလည်ပေးကြရအောင်နော်။ ဒါမှ တို့မေမေလို့ ဟစ်ကြွေးမယ်နော်။ မေမေ့အတွက် မမတို့ မရှက်ကြတော့ဘူး”

“ဟုတ်တယ်မမ…မနက်အိပ်ယာက ထရင် ဂွတ်ထမောနင်းပါမေမေလို့ ပြောကြမယ်နော်”

“အခုပဲ ပြန်ပြီး မေမေ့ကို ဂွတ်ထမောနင်းပါမေမေလို့ ပြောလိုက်ချင်တယ်… မောင်လေးရေ…”

မမကြူနှင့်ကောင်းမွန်တို့၏ မျက်ဝန်းထဲတွင် မေမေ့မျက်နှာကို မြင်ယောင်မိရင်း ပျော်ရွှင်ကြည်နူးမိလေသည်။

ကိုယ်တိုင်ခံစားနှလုံးသားဖြင့် ရေးဖွဲ့သည်။

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၇-၄-၂၀၁၂)၁၃၇၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ၊ အင်္ဂါနေ့ (၁၃း၁၀)နာရီ

မာစီဒီးကား ငွေ ၁ ကျပ်ဖြင့်ရောင်းမည်

နေ့စဉ်ထုတ်သတင်းစာများတွင် အောက်ပါအတိုင်း ကြော်ငြာတစ်ခုပါလာသည်-


မာစီဒီးကား ငွေ ၁ ကျပ်ဖြင့်ရောင်းမည်
လက်ရှိအသုံးပြုနေသော မာစီဒီးကားကို
ငွေ ၁ ကျပ်ဖြင့်ရောင်းမည်။
စိတ်ဝင်စားသူ လူကိုယ်တိုင် လာရောက်ဆက်သွယ်ပါ။
ဦးရာလူရောင်းမည်။


ဒေါ်………………..
အမှတ်(---)၊(-----)လမ်း၊
---------------မြို့


ထိုကြော်ငြာကို တွေ့မြင်သူများက အထူးအဆန်းဖြစ်နေသည်။ ထိုအမျိုးသမီး ရူးနေ၍သာ ကြော်ငြာထည့်ခြင်းဖြစ်သည်ဟု ယူဆလျက်ရှိကြသည်။
ထို့ကြောင့် မာစီဒီးကားပိုင်ရှိ ဒေါ်………….ထံသို့ မည်သူမှ သွားရောက်ဆက်သွယ်ခြင်းမရှိကြချေ။
♥ ♥ ♥ ♥ ♥
ထို့ကြောင့် ဒေါ်……………..…..က ထိုကြော်ငြာကို သတင်းစာများတွင် နေ့စဉ်ရက်ဆက် ထည့်သွင်းနေသည်။
လူတစ်ယောက်က ထိုကြော်ငြာကို အသေအချာဖတ်ကြည့်ပြီးနောက် ဒေါ်…………..………..နှင့် သွားရောက် တွေ့ဆုံလေသည်။
“အဒေါ် ကျွန်တော် ကားရောင်းမယ့် ကြော်ငြာတွေ့လို့ လာခဲ့တာပါ”
“အေး…အခုအထိ ဘယ်သူမှ မလာကြလို့ ခဏခဏကြော်ငြာနေတာ”
“ဟုတ်ကဲ့ခင်ဗျ…ကျနော် စိတ်ဝင်စားလို့ လာခဲ့တာပါခင်ဗျာ”
“မင်းက တကယ်ဝယ်မှာလား”
“၀ယ်မှာပါ”
“ဒါဆို…ကားကိုလိုက်ကြည့်လေ”
ဒေါ်……………က ကားဂိုဒေါင်ကို ခေါ်သွားသည်။ ဂိုဒေါင်သော့ကို ဖွင့်ပြီး မာစီဒီးကားကို ပြသသည်။
“မင်းကို ရောင်းမယ့်ကားက ဒီကားပဲ”
ကားဝယ်ရန်လာသူသည် တော်တော်အံ့သြသွားသည်။ သိန်းပေါင်းများစွာတန်သောကားဖြစ်သည်။
“ဘယ်လောက်နဲ့ရောင်းမှာလဲဗျ”
“သတင်းစာထဲမှာ ပါတယ်လေ ငွေ ၁ ကျပ်နဲ့ရောင်းမှာ”
“ဗျာ”
“မ…ဗျာနဲ့ အဒေါ်က တကယ်ရောင်းမှာ၊ ဒီအတိုင်းတော့ မရောင်းဘူး။ မင်းဘက်က သက်သေခေါ်ခဲ့ရမယ်၊ ငါ့ဘက်ကလည်း သက်သေပါမယ်။ လူကြီးလူကောင်းတွေရှေ့မှာ စာချုပ်စာတမ်းနဲ့ရောင်းမယ်”
“ဟုတ်…ဟုတ်ကဲ့”
♥ ♥ ♥ ♥ ♥
ထိုသူသည် ရပ်ကွက်ထဲမှ လူကြီးလူကောင်းများကို သက်သေအဖြစ်ခေါ်လာခဲ့သည်။ ဒေါ်………………. ကလည်း လူကြီးလူကောင်းများကို အဆင်သင့်ခေါ်ထားသည်။
“ဟောဒီမှာ အုံနာစာအုပ်၊ ဆီစာအုပ် နဲ့ကားသော့၊ မနက်ဖန် နာမည်ပြောင်း ကိစ္စ အကုန်လုပ်ပေးမယ်”
လူကြီးလူကောင်းတွေနဲ့ ကားဝယ်သူတို့ဟာ ဒီမိန်းမရူးများ နေလို့လားဟု တွေးတောနေကြသည်။
“အဒေါ်ရယ်…ကျွန်တော် အိပ်မက်များ မက်နေတာလား”
“အိပ်မက်မဟုတ်ပါဘူး…အဒေါ်က ဒီမာစီဒီးကားကို ငွေ ၁ ကျပ်နဲ့ ရောင်းတာပါ၊ ဟောဒီ စာချုပ်မှာ လက်မှတ်ထိုးပေး ကြပါ”
ကားရောင်းသူ၊ ကားဝယ်သူနှင့် အသိသက်သေများက အသီးသီးလက်မှတ်ရေးထိုးပေးကြသည်။
“ပေး…ငါ့ကို ငွေ ၁ ကျပ်”
ကားဝယ်သူက ငွေတစ်ကျပ်ကို ထုတ်ပေးလိုက်ပြီးနောက် ကားရောင်းသူ အဒေါ်ကြီးကို မေးခွန်းတစ်ခု မေးလိုက်သည်။
“ဘာကြောင့် အခုလို တန်ဖိုးများစွာတန်တဲ့ ဒီကားကို ငွေ ၁ ကျပ်ထဲနဲ့ရောင်းရတာလဲ”
“အဒေါ့် ယောက်ျားက မသေခင် မှာသွားလို့ပါ”
“အဒေါ့် ယောက်ျားကို အဒေါ်က တော်တော်ချစ်လို့ပေါ့နော်”
“ချစ်တာလဲပါတာပေါ့၊ မသေခင်မှာသွားတာလေးကို ဖြည့်ဆည်းဆောင်ရွက်ပေးချင်လို့ပါ”
“အဒေါ့် ယောက်ျားက ဘာများမှာသွားခဲ့လို့လဲခင်ဗျာ”
“အဒေါ့် ယောက်ျားက သူစီးနေကျ မာစီဒီးကားကို ရောင်းပြီး ကားရောင်းရငွေအားလုံးကို ဒေါ်ဂွက်ထော်ကို ပေးလိုက်ပါတဲ့”
“ဒေါ်ဂွက်ထော်ဆိုတာက”
“အဒေါ်တို့ အိမ်က အိမ်ဖော်ပါ။ နောက်ပြီး…”
“နောက်ပြီး…ဘာလဲဗျ”
“အဒေါ့် ယောက်ျားရဲ့ မယားငယ်”

(What to do with $1 ကို မြန်မာမှုပြုပါသည်။)
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၂-၃-၂၀၁၂)(၁၉း၁၅)နာရီ

Saturday, May 5, 2012

အဲဒါ…ကျွန်တော့်အမေ

“အောင်မလေး….ကျပြီ”

ဘတ်စကားပေါ်မှာ စပယ်ယာပြုတ်ကျသွားသည်နှင့် ကားပေါ်မှ ခရီးသည်များ၏ အော်ဟစ်သံသည် ဆူညံသွား လေသည်။ ဘတ်စကားပေါ်တွင် လူကြပ်နေသဖြင့် ရရာဆွဲကိုင်ထားသော စပယ်ယာသည် ကားအကွေ့တွင် လက်လွတ်ပြီး အောက်သို့ အရှိန်နှင့် ကျသွားခြင်းဖြစ်သည်။

ခရီးသည်များ၏ အော်ဟစ်သံကြောင့် ယာဉ်မောင်းက ကားကိုရပ်လိုက်သည်။ စပယ်ယာမှာ လမ်းမပေါ်တွင် သတိမေ့ နေလေသည်။ ကံကောင်းသည်မှာ ဘတ်စကားနောက်မှ မည်သည့်ယာဉ်မျှကပ်ပြီးလိုက်မလာခြင်းဖြစ်သည်။ အကယ်၍သာ နောက်မှ ယာဉ်တစ်စီးစီးကပ်လျက်လိုက်ပါလာပါက မတွေးဝံ့စရာပင်ဖြစ်သည်။

ယာဉ်မောင်းက စိုးရိမ်တကြီးနှင့် ဆင်းလာသည်။ စပယ်ယာကို ကြည့်လိုက်ပြီးနောက် လေးဘီးတစ်စီးကိုတားပြီး လိပ်စာတစ်ခုကို ပေးလိုက်ပြီးနောက်-

“သူ့အိမ်ကို ပို့ပေးပါ။ ဘာမှ မဖြစ်လောက်ပါဘူး”

သတိမေ့နေသော စပယ်ယာကို ကားပေါ်တင်ပေးလိုက်ကြသည်။

“ဟာ…ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲဗျ။ အတွင်းကြေကြေသွားပြီး သတိမေ့နေတာလားမှ မသိတာ”

မနေနိုင်သောခရီးသည်တစ်ယောက်က ၀င်ပြောသည်။ သို့သော် ယာဉ်မောင်းက လေးဘီးသမားကို ပိုက်ဆံပေးပြီး အတင်းမောင်းထွက်ခိုင်လိုက်သည်။ လေးဘီးသမားလည်း ကားကို စက်နှိုးပြီး မောင်းထွက်သွားလေသည်။

♥♥♥♥♥

“ဒါ…မောင်ကျော်တို့ အိမ်လားခင်ဗျ”

လေးဘီးသမားက လှမ်းမေးလိုက်သည့်အချိန်တွင် အိမ်ထဲမှ မိန်းမကြီးတစ်ယောက် ထွက်လာသည်။

“ဟုတ်ပါတယ်”

“မောင်ကျော်….ဘတ်စကားပေါ်က ပြုတ်ကျလို့”

“သား…”

မိန်းမကြီးက ကားနောက်ခန်းတွင် သတိမေ့နေသော မောင်ကျော်ကို မြင်သွားသည်။ စိုးရိမ်တကြီး အပြေးအလွှား သွားကြည့်လိုက်သည်။

“ဘယ်လိုဖြစ်တာလဲ…သားရယ်”

“အဲဒါနောက်မှမေး…အိမ်ထဲကို အရင်ပို့မယ်”

လေးဘီးသမားက မောင်ကျော်ကို ထမ်းပြီးနောက် အိမ်ထဲကို ခေါ်လာသည်။ ကုတင်ပေါ်တွင်ပက်လက် ထားလိုက်သည်။ မိန်းမကြီးက မောင်ကျော်၏ မျက်နှာကိုလှမ်းကြည့်လိုက်ပြီးနောက် ဘတ်စကားသမားကို မေးလိုက် သည်။

“သားလေးရယ်…ကံမကောင်းပါလားနော်။ ရှင်တို့က သားကို ဆေးရုံ၊ ဆေးခန်းကို ဘာကြောင့်မပို့တာလဲ”

“ကားသမားက ဘာမှ မဖြစ်လောက်ဘူးဆိုပြီး အိမ်ကို ပို့ခိုင်းတာပါ။ နောက်မှ အိမ်ကို သူလာမယ်ထင်တယ်”

“သားလေးကို အိမ်အရောက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်ကွယ်”

လေးဘီးသမားက နှုတ်ဆက်ပြီးနောက် ပြန်ထွက်သွားလေသည်။ မိန်းမကြီးသည် မောင်ကျော်၏မိခင်ဖြစ်သည်။ မိန်းမကြီးသည် မောင်ကျော်၏ အခြေအနေကို ကြည့်လိုက်သည့်အခါ သွေးရဲရဲသံရဲရဲဖြစ်မနေသည့်အတွက် စိတ်သက်သာရာရသွားသည်။

♥♥♥♥♥

မောင်ကျော်က ၈ တန်းအောင်ထားသော ကျောင်းသားတစ်ယောင်သာဖြစ်သည်။ မောင်ကျော်၏ ဖခင်က မောင်ကျော်လူမှန်းမသိခင်အချိန်ကတည်းက စွန့်ခွါသွားခဲ့ခြင်းဖြစ်သည်။ မိခင်ကြီးက ဆင်းရဲနွမ်းပါးလွန်း သဖြင့် ကျောင်းဆက်တက်နိုင်ရန် နွေရာသီကျောင်းပိတ်ရက်တွင် အသိတစ်ယောက်၏ အကူအညီဖြင့် မောင်ကျော်သည် ဘတ်စကား စပယ်ယာ အလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်သည်။

အသက်ကလည်းငယ်ရွယ်သေးသည့်အချိန်ဖြစ်သည်။ နံနက် ၆ နာရီခန့်တွင် အုံနာအိမ်ကို အရောက်သွားရသည်။ ကားကို သန့်ရှင်းရေးလုပ်ရသည်။ မှန်တိုက်ရသည်။ ဆီ-ရေ-လေ ကြည့်ရသည်။ ဘတ်စကားမှာ ရှေးဟောင်းကားကြီး ဖြစ်သဖြင့် စက်မနှိုးပဲ ဟန်ဒယ်ဖြင့် အကြိမ်များစွာ လှည့်ထားရသည်။ ကလေးတစ်ယောက်အနေဖြင့် အစက တော်တော်နှင့်လှည့်မရ။ အားစိုက်လှည့်မှ ရသည်။

ဘတ်စကား အုံနာနှင့် ယာဉ်မောင်းသူမှာ တစ်ယောက်တည်းဖြစ်သည်။ ဘတ်စကားထွက်လျှင် ငွေသိမ်းရန်အတွက် အုံနာကတော် အမြဲပါသည်။ မောင်ကျော်က ဘတ်စကားခ ကောက်ပြီးလျှင် ယာဉ်မောင်းဘေးတွင် ထိုင်နေသော အုံနာကတော်ကို ပိုက်ဆံအပ်ရသည်။

မိခင်ကြီးက မောင်ကျော်ကို ကားစပယ်ယာမလုပ်စေချင်သော်လည်း စီးပွားရေးအခြေအနေအရ ခွင့်ပြုထားခြင်း ဖြစ်သည်။

မောင်ကျော် ဘတ်စကားပေါ်က ပြုတ်ကျသည့် ညနေတွင် ကားပိုင်ရှိင်၏သမီးရောက်လာပြီး အနည်းငယ်သောငွေကို လာပေးသည်။ ပေးသောပိုက်ဆံမှာ အင်မတန်မှ နည်းလွန်းပြီး ကျန်းမာရေးကောင်းမွန်ပါက အလုပ်လာလုပ်ရန် မလိုကြောင်းပြောသည်။ မောင်ကျော်က ကျောင်းစရိတ်လိုနေသဖြင့် အလုပ်ပြန်ဆင်းခွင့်ပြုရန် အတန်တန်ပြောသော် လည်း လုပ်ခွင့်မရခဲ့ပေ။

ထို့ကြောင့် မောင်ကျော်သည် ရပ်ကွက်ထဲတွင် ၀င်ငွေရမည့်အလုပ်များကို ရှာဖွေလုပ်ကိုင်သည်။ အိမ်နှင့် အုတ်နံရံ ဆေးသုတ်သည့်အလုပ်များ လုပ်ပေးသည်။ မြက်ပေါက်ပေးသည်။ ရေနံချေးသုတ်ပေးသည်။ ပန်းရန် အလုပ်သမားအဖြစ်လိုက်လုပ်ပေးသည်။ လက်သမားအကူအဖြစ်လိုက်လုပ်ပေးသည်။ ထိုအလုပ်များက အမြဲ လုပ်ရသည်တော့မဟုတ်။ သို့သော် ရသမျှငွေကို စားဝတ်နေရေးအတွက် အသုံးပြုပြီး ကျန်သမျှကို ကျောင်းစရိတ် အဖြစ်စုဆောင်းသည်။ မိခင်ကြီးက သားဖြစ်သူ၏ လိမ္မာရေးခြားရှိမှု၊ သိတတ်မှု၊ ပညာကို လိုလားမှုကို သိရှိသော်လည်း အလုပ်အကိုင် အခွင့်အလမ်းက မကောင်းသဖြင့် သားလုပ်သူရှာဖွေပေးသည်ကို မစားရက် မသောက်ရက်ဖြစ်နေသည်။

♥♥♥♥♥

“သား”

“ဟုတ်ကဲ့ အမေ”

“သား…အခုဆို ၈ တန်း အောင်ပြီးနေပြီ”

“ဟုတ်ကဲ့မေမေ…အဲဒါဘာဖြစ်လဲ”

“သားလေး…ဒီအရွယ်ရောက်ပေမယ့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သားလေးကို မေမေ ကိုရင် ၀တ်မပေးရသေးဘူး”

“အဲဒါက အရေးမကြီးပါဘူး အမေ”

“ဘယ်ဟုတ်မလဲသားရယ်…အမေ့ဝတ္တရားအတိုင်းသားကို ကိုရင်ဝတ်ပေးမယ်နော်”

“အမေ…၀တ်စေချင်ရင် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သွားဝတ်လိုက်ပါမယ်”

“ဒီလိုလဲ မဟုတ်သေးဘူး။ အမေက ငါ့သားကို ကိုရင်ဝတ်ပေးတဲ့အခါ ရပ်ဆွေရပ်မျိုးတွေ၊ ရပ်ကွက်ကလူတွေကို ၀က်သားဟင်းနဲ့ ဧည့်ခံချင်တယ်”

“ဟာဗျာ…အမေကလည်း ပိုက်ဆံမှ မရှိတာ”

“အမေ့ဆီမှာ ပိုက်ဆံရှိပါတယ်”

“ဗျာ…ကျွန်တော် ရှာပေးတဲ့ငွေက နည်းနည်းလေးပဲ”

“အမေ…အားလုံးစီစဉ်ပြီးပြီ။ သားလေး လာမယ့်တနင်္ဂနွေနေ့မှာ ကိုရင်ဝတ်ရမယ်”

မောင်ကျော် ဘယ်လိုမှ မစဉ်းစားတတ်အောင်ဖြစ်နေသည်။ အမေ့တွင် ရပ်ကွက်လူထုမပြောနှင့် အိမ်တွင်ပင် ဟင်းကောင်းကောင်းချက်မစားနိုင်သည့်အခြေအနေတွင် တစ်ရပ်ကွက်လုံး ၀က်သားဟင်းကျွေးပြီး သားဖြစ်သူ မောင်ကျော်ကို ကိုရင်ဝတ်ပေးမည်ဆိုသည်မှာ မယုံကြည်နိုင်အောင်ဖြစ်နေသည်။

“အမေ…ထီပေါက်ထားလို့လား”

“အမေ…ထီမပေါက်ပါဘူးသားရယ်”

“ကျွန်တော်တော့ မစဉ်းစားတတ်အောင်ဖြစ်နေပြီ”

“နောက်တော့….သားလေး သိမှာပေါ့”

အမေ့ကို ဘာမှ မေးလို့မရတော့။ အမေ့ကိုကြည့်ရသည်မှာ မောင်ကျော် ကိုရင်ဝတ်နိုင်ရေးအတွက် တော်တော်လေး အားခဲထားဟန်ရှိသည်။ သို့သော် တစ်ခါတစ်ခါ အမေ့ကို ကြည့်ရသည်မှာ တစ်ခုခုကို စဉ်းစားပြီး ငေးငိုင်နေတတ်သည်။ မောင်ကျော်က မေးသော်လည်း ဘာမှ ပြန်မဖြေ။

♥♥♥♥♥

သည်လိုနှင့် မောင်ကျော်ကို ဘုန်းကြီးကျောင်းတွင် ကိုရင်ဝတ်ပေးသည်။ အမေက ရပ်ကွက်သူ၊ ရပ်ကွက်သား များကို ၀က်သားဟင်းနှင့် ဧည့်ခံသည်။ အမေ့ကို ကြည့်ရသည်မှာ သားလေးကို ကိုရင်ဝတ်ပေးရသဖြင့် ပျော်ရွှင် နေပုံရသည်။

ရပ်ကွက်က လူအချို့က အမေ့ကို ထီပေါက်လို့ အခုလို အကျွေးအမွေးဖြင့် မောင်ကျော်ကို ကိုရင်ဝတ်ပေးတာလားဟု မေးကြသည့်အခါ အမေက မမေးကြပါနဲ့ဟုသာ တွင်တွင်ဖြေနေသည်။ တရားနာပြီးနောက် ရေစက်ချနေချိန်တွင် အမေ့မျက်နှာတွင် မျက်ရည်များစိုရွှဲနေသည်ကို ကိုရင်မောင်ကျော်မြင်နေရသည်။ အဖေသာ အမေ့အနားမှာ ရှိခဲ့လျှင် အမေ ၀မ်းနည်းပက်လက်ဖြစ်နေမည် မဟုတ်ပေ။ ရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာကို ခံစားလိုက်ရသည်။ ကုသိုလ်ကောင်းမှုအတွက် အမျှဝေပြီးချိန်တွင် အမေသည် ဘုန်းကြီးကို ကန်တော့ပြီးနောက် တဘက်ဖြင့် မျက်ရည်သုတ်နေသည်မှာ ကိုရင်မောင်ကျော် ရင်ထဲတွင် မချိအောင်ဖြစ်သွားသည်။

အဖေသာ ရှိလျှင် အမေသည် ယခုလောက် ငိုကြွေးနေမည်မဟုတ်။ သားကိုရင်ကို ကြည့်၍ မိဘနှစ်ပါး ပီတီဖြစ်နေ ပေလိမ့်မည်။ အမေ့သည် သားအတွက် တာဝန်တစ်ခု ထမ်းဆောင်ပြီးသွားသဖြင့် စိတ်ကို လျော့ချလိုက်ဟန်တူသည်။

ထိုနေ့တွင် အမေသည် ကိုရင်မောင်ကျော် ညအိပ်သီတင်းသုံးမည့် နေရာကိုလိုက်လံပို့ဆောင်ပေးပြီးနောက် မျက်ရည်အရွှဲသားနှင့် အိမ်ပြန်သွားသည်။ အမေ့နောက်ကျောကို ကြည့်ပြီး ကိုရင်မောင်ကျော် မျက်ရည်ကျမိသည်။

♥♥♥♥♥

နံနက် ၅ နာရီ တွင် အိပ်ယာမှ ထရသည်။ ဘုန်းကြီးကျောင်းမှ အခြား ရဟန်းသံဃာများနှင့်အတူ ဘုရားဝတ်တက် ရသည်။ ၅ နာရီခွဲတွင် အရုဏ်ဆွမ်း ဘုန်းပေးပြီးနောက် ရပ်ကွက်ထဲသို ဆွမ်းခံကြွရန် ပြင်ဆင်သည်။

ကိုရင်မောင်ကျော်က ဘုန်းကြီးကျောင်းရှိ သံဃာတော်များနှင့်အတူ စီတန်းပြီး ဆွမ်းခံကြွသည်။ ဦးဆောင်သံဃာတော်၏ နောက်မှ လိုက်ပြီး ရပ်ကွက် အတွင်း လှည့်လည်ဆွမ်းခံသည်။ စိတ်ထဲမှာ ကြည်နူးမိသည်။ သပိတ်လွယ်လျက် ဆွမ်းခံကြွလာသော သားကို အမေစောင့်မျှော်နေမည်မှာ အသေအချာဖြစ်သည်။

အမေသည် နံနက်စောစော အိပ်ယာမှထလျက် သားကိုရင်မောင်ကျော်နှင့် ရဟန်းသံဃာများအတွက် တစ်ယောက် တည်း မီးဖိုထဲမှာ ပင်ပင်ပန်းပန်း လုပ်ရရှာပေလိမ့်မည်။ အမေ့အနား အဖေများရှိခဲ့လျှင် သို့တည်းမဟုတ် ကူဖော်လောင်ဖက်များရှိခဲ့လျှင် ကောင်းပေလိမ့်မည်ဟု ဆွမ်းခံရင် ကိုရင်မောင်ကျော်တွေးတော မိလေသည်။

အမေ့အိမ်နားကို မရောက်မီ တဒုန်းဒုန်းဖြင့် အသံတွေကြားနေရသည်။ အနီးအနားမှာ ဘာတွေဖြစ်နေပါလိမ့်ဟု တွေးမိသည်။ အိမ်နားရောက်ခါနီးလေ အသံတွေက ပိုမိုကျယ်လောင်လာလေဖြစ်သည်။ အဝေးမှ လှမ်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကိုရင်မောင်ကျော် အံ့သြထိတ်လန့်သွားသည်။

မြင်လိုက်ရသည့်မြင်ကွင်းက အမေ စီးပွားရေးကောင်းခဲ့စဉ်က ဆောက်လုပ်ထားခဲ့သော အိမ်အမိုးသွပ်များ ခွါသူက ခွါနေကြသည်။ အိမ်အကာ ပျဉ်များကို ခွါသူက ခွါနေကြသည်။ ကိုရင်မောင်ကျော် အိနြေ္ဒမဆောင်နိုင်တော့ သပိတ်ကို ပွေ့ပြီး အိမ်ဝင်းထဲကို အပြေးဝင်သွားသည်။

ကိုရင်မောင်ကျော်သည် အိမ်ရှေ့သစ်ပင်အောက်တွင် ထိုင်ခုံကလေးတစ်လုံးနှင့်ထိုင်ပြီး ငိုနေသည့်အမေ့ကို တွေ့လိုက်ရသဖြင့် ရင်ထဲဆို့နင့်သွားသည်။

“အမေ…ဘယ်လို ဖြစ်ကုန်တာလဲ ပြောစမ်းပါဦး”

“ကိုရင်”

အမေက စကားကိုချက်ချင်း ပြန်မပြောနိုင်။ အမေ့ရင်ထဲတွင် မည်မျှ အပူမီးတောက်လောင်နေလိမ့်မည်နည်း။

“ပြောပါဦး…အမေရယ်”

“ကိုရင်…အမေက သူတို့ကို သားကိုရင်ထွက်ပြီးမှ လာဖျက်ယူလို့ပြောတာ မရဘူး”

“ကျွန်တော် နားမလည်ဘူးအမေ”

“ဒီလိုပါ ကိုရင်…အမေက သား ဘတ်စကားပေါ်က လိမ့်ကျစဉ်တုန်းက ဒီအသက်အရွယ်အထိ သင်္ကန်းစီးမပေးရသေး တာကို သတိရမိတယ်။ သားလေးမွေးထားပြီး တာဝန်မကျေခဲ့ဘူးလို့ထင်ခဲ့တယ်။ သားလေးသာ တစ်ခုခုဖြစ်ခဲ့ရင် အမေ သင်္ကန်းဝတ် မပေးလိုက်ရဘဲ ဖြစ်သွားမှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါ့ကြောင့် သားကို အမေ သင်္ကန်းဝတ်ပေးဖို့အတွက် ငွေလိုက်ချေးတယ်။ အဆင်မပြေဘူး။ အိမ်နဲ့ဝင်းကို သွားပေါင်ဖို့စဉ်းစားတော့ အတိုးအတွက် အမေစဉ်းစားတယ်။ အမေအတိုးပေးနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အမေ့အိမ်လေးကို အိမ်ဟောင်းဝယ်မယ့်သူကို သွားရောင်းတယ်”

“သြော်…အမေရယ်”

“အိမ်ဟောင်းဝယ်တဲ့သူကို သားလေး သင်္ကန်းချွတ်ပြီးမှ လာဖျက်ယူဖို့ သဘောတူခဲ့တာ။ ဒါပေမယ့်သားရယ်”

“ဒါပေမယ့်…ဘာဖြစ်လဲအမေ”

“အိမ်ဝယ်တဲ့သူက မနက်အစောကြီးရောက်လာပြီး တစ်ဆင့်ဝယ်တဲ့သူက ဒီကနေ့ လိုချင်တယ်။ အခုဖျက်ယူချင်တယ် လို့ပြောတယ်။ အမေက သူတို့ကို အမျိုးမျိုးတောင်းပန်ပါတယ်။ ဘယ်လိုပြောပြော မရဘူးသားရယ်။ သားမြင်တဲ့ အတိုင်း အခု အိမ်ကို ဖျက်ယူနေကြပြီလေ”

အမေ့ အသံသည် ဆို့နင့်နေသည်။ အမေတစ်ယောက်၏တာဝန်ကို ကျေပွန်ခဲ့သည့် အမေပါလား။

“အမေရယ်…ငိုမနေပါနဲ့တော့နော်…သားတို့ နှစ်ယောက် နေလို့ရတဲ့တဲကလေး ဆောက်ပြီး နေရလဲ ကျွန်တော် ၀မ်းမနည်းပါဘူး။ အမေ့ဆန္ဒတွေ ပြည့်ပြီပဲနော်”

“လိမ္မာလိုက်တဲ့သားရယ်…အမေလေ သားလေးကို သင်္ကန်းဝတ်ကလေးနဲ့မြင်လိုက်ရလို့ သေပျော်ပါပြီ။ အမေ့ကို ခွင့်လွှတ်နော်သား”

“ဘာအတွက်လဲ အမေ…အိမ်ကိစ္စလား။ သားက အမေ့ကို အပြစ်မတင်ပါဘူး”

“မဟုတ်ဘူးသား…အမေလေ…ဒီနေ့ ဆွမ်းမလောင်းလိုက်ရလို့ပါနော်”

“အမေရယ်…”

“ဟော…အတော်ပဲ…အကြော်သည်လာနေတယ်။ အမေ၀ယ်ပြီး သားကို ဆွမ်းလောင်းလိုက်မယ်နော်”

အမေက အကြော်သည်ကို လှမ်းခေါ်လိုက်သည်။ အကြော် ၅ ခုကို ၀ယ်ပြီးနောက် ကိုရင်မောင်ကျော်၏ သပိတ်ထဲကို လောင်းလှူလိုက်သည်။ ကိုရင်မောင်ကျော်က သင်္ကန်းကို ပြင်ဝတ်သည်။ သပိတ်ကိုပွေ့ယူလိုက်ပြီးနောက် နှေးကွေး သောခြေလှမ်းများဖြင့် ဘုန်းကြီးကျောင်းဆီသို့ ဦးတည်၍ထွက်ခွါသွားလေသတည်း။

(အိမ်ရောင်းပြီး ကိုရင်ဝတ်ပေးခဲ့သော အမေ့ကို ဤစာစုဖြင့် စုံဆယ်ဖြာလက်စုံမိုးပြီး ရှိခိုးကန်တော့အပ်ပါသည်။)

http://www.aktnml.blogspot.com/

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၅-၅-၂၀၁၂)(၁၂း၀၀)နာရီ