ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Thursday, February 18, 2016

မေတ္တာ



 မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင် တိုးတက်လာအောင်
လုပ်တာနဲ့၊ သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင်
တိုးတက်လာအောင် ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။ ကိုယ်ကိုယ်တိုင် စိတ်ဓာတ်နဲ့အသိဥာဏ် ရင့်ကျက်လာအောင် မြင့်မြတ်လာအောင်
လုပ်ပြီးတော့ သူတစ်ပါးကိုလည်းပဲ စိတ်ဓာတ်နဲ့အသိဥာဏ် ရင့်ကျက်လာအောင်
အကူအညီပေးနိုင်တာ အထောက်အကူ ပေးနိုင်တာဟာ မေတ္တာပါ။ သူတစ်ပါးကို မေတ္တာထားနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို အဖက်ဖက်က ပိုပြီးတော့ ကြီးပွားလာအောင်၊ တိုးတက်လာအောင်၊ အသိဥာဏ်နဲ့စိတ်ဓာတ် တိုးတက်မှု၊ ရင့်ကျက်မှုဖြစ်လာအောင် အထောက်အကူပေးမှသာ ဖြစ်နိုင်ပါတယ်။
ကိုယ်ကိုယ်တိုင်က တကယ်စိတ်ချမ်းသာနေမှသာ သူတစ်ပါးစိတ်ချမ်းသာမှုကိုတကယ်လိုလားတဲ့စိတ် အပြည့်အဝ ဖြစ်တယ်။
We are incapable of loving another unless we love ourselves.
မိမိကိုယ်ကို မိမိ မချစ်လို့ရှိရင် သူတစ်ပါးကိုချစ်ဖို့ရာ မတတ်နိုင်ပါဘူး။
မေတ္တာဟာ မျက်နှာကို ကျက်သရေ ရှိစေတယ်၊ လှပစေတယ်၊ ချစ်စရာ ခင်စရာ ကောင်းစေတယ်။

မေတ္တာဟာ power အစစ်ပဲ။ ကျန်တဲ့ power တွေက power အတုတွေ။ မြတ်စွာဘုရားရဲ့ မေတ္တာဟာ အခုအချိန်ထိ power ကြီးတုန်းပဲ။ သူများ ကိုယ့်ကိုကြောက်တာဟာ power အစစ်မဟုတ်ဘူး။
တကယ်စစ်မှန်တဲ့မေတ္တာဟာ သူ့ဘက်က တုံ့ပြန်မှု မရှိလည်းပဲ ကိုယ့်မေတ္တာက ဆက်လက်ပြီးတော့ ရှိနေဦးမှာပဲ၊ တည်တံ့နေဦးမှာပဲ။ စစ်မှန်တဲ့ မေတ္တာကို ပြန်ယူလိုက်လို့ မရပါဘူး။ ပြန်ရုပ်သိမ်းလို့ မရပါဘူး။ အကယ်၍
ပြန်ယူလိုက်လို့ ရရင် အဲဒါ မေတ္တာစစ် မဟုတ်ပါဘူး။
တကယ့်မေတ္တာဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိတဲ့လူတစ်ယောက် ဆိုတဲ့
ခံစားမှုမျိုးဖြစ်အောင် မလုပ်ဘူး။
တကယ်စစ်မှန်တဲ့ မေတ္တာမှာ အကြောင်းပြချက်၊ တောင်းဆိုချက် မရှိဘူး။
Truly unconditional love is both free and freeing.
တကယ်စစ်မှန်တဲ့ မေတ္တာ၊ နှောင်ကြိုးမဲ့ မေတ္တာမျိုးဟာ လွတ်လပ်နေတယ်၊
လွတ်လပ်မှုကိုလည်း ပေးတယ်။
စားဝတ်နေရေးမှာ မှီခိုမှုမရှိတာ (financially independent)
ခံစားမှုပိုင်းမှာ မှီခိုမှုမရှိတာ (emotionally independent)
စိတ်ပိုင်းဆိုင်ရာ မှီခိုမှု မရှိတာ (psychologically independent)
အသိဥာဏ်ပိုင်းဆိုင်ရာ မှီခိုမှု မရှိတာ (intellectually independent)
မျိုးတွေ ဖြစ်လာအောင် နေ့စဉ် ကိုယ်တတ်နိုင်သလောက် အထောက်အကူ ပေးနေတာဟာ တကယ့်မေတ္တာစစ်ကို ပြနေတာပဲ။
ကိုယ်ချစ်တဲ့သူဟာ အသိဥာဏ်ပိုင်းဆိုင်ရာမှာ ကိုယ့်အပေါ် မှီခိုအားကိုးမှု ဖြစ်မနေရဘူးဆိုတဲ့ ရည်ရွယ်ချက် ထားရမယ်။
တကယ် မေတ္တာအစစ်အမှန်နဲ့ ချစ်ရင် ကိုယ်ချစ်တဲ့သူကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူ၊ ကိုယ့်အသိဥာဏ်နဲ့ကိုယ်
စဉ်းစားနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူ၊ သွားရဲလာရဲ၊ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲတဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။ အဲ့ဒါကို အဓိပ္ပာယ် ပြောင်းပြန်ကောက်လိုက်ရင် ကိုယ့်အပေါ်မှာ မှီခိုနေအောင်၊ ကြောက်နေအောင်၊ အားငယ်တတ်အောင် လုပ်နေမယ် ဆိုရင်
ချစ်ရာမရောက်တော့ဘူး။
တကယ်တမ်း စဉ်းစားကြည့်ရင် တစ်ယောက်နဲ့တစ်ယောက်က ဘယ်အချိန်မှာ
တကယ်အချစ်ခင်ဆုံး ဖြစ်မလဲဆိုတော့ သူလည်း သူ့အား သူကိုး နိုင်တဲ့သူ၊
ကိုယ်လည်း ကိုယ့်အား ကိုယ်ကိုး နိုင်တဲ့သူ၊ သူ မရှိလည်း ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိရှိ ပြည့်ပြည့်စုံစုံ နေသွားနိုင်တဲ့သူ၊ ကိုယ်မရှိလည်း
သူ့ဘဝသူ အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် ချမ်းချမ်းသာသာ နေသွားနိုင်တဲ့သူ၊
ဒီလိုလူနှစ်ယောက်ရဲ့ ချစ်ခြင်းသာလျှင် တစ်ယောက်ကိုတစ်ယောက် တကယ်
အစစ်အမှန် ချစ်တယ်လို့ ပြောလို့ရမယ်။
မေတ္တာတွေအားလုံးကို ခြုံပြီးတော့ ကြည့်လိုက်ရင် တူတဲ့အချက် ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ပိုပြီးတော့ သိစေချင်တယ်၊ တတ်စေချင်တယ်၊
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်စေချင်တယ်။ ကိုယ့်ဥာဏ်နဲ့ကိုယ် ဆုံးဖြတ်ပြီးတော့ ကိုယ့်ဘဝကို တန်ဖိုးရှိရှိ နေတတ်စေချင်တယ်။ လွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ တရားအားထုတ်ပြီး အေးအေးချမ်းချမ်း နေတတ်တဲ့သူ ဖြစ်စေချင်တယ် အဲဒါ မေတ္တာပဲနော်။
"မေတ္တာဆိုတာ အကျိုးကို လိုလားခြင်း" ဆိုတာ သေသေချာချာ စဉ်းစားမှနော်။ အကျိုးကို လိုလားခြင်းဆိုတော့ အကျိုးဆိုတာ ဘာလဲ၊ ဘယ်လိုလဲ ဆိုတာ သိမှဖြစ်မယ်။ အကျိုးကိုလိုလားခြင်း ဆိုတာဟာ အသိဥာဏ်ရှိမှ ဖြစ်နိုင်တာနော်။ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ မသိဘဲနဲ့ အကျိုးကို လိုလားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဥာဏ်ရှိမှ မေတ္တာရှိတယ်။
တကယ်အဆင့်မြင့်တဲ့ မေတ္တာမှာ အသိဥာဏ်ဟာ ပါနေတယ်။ ရင့်ကျက်မှု ပါနေတယ်။
မေတ္တာနဲ့တွဲပြီး အဲဒီအသိဥာဏ်နဲ့ ရင့်ကျက်မှုကိုပါ မြင်ရတယ်။ မေတ္တာစစ်ရဲ့သဘောကို ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ ရင့်ကျက်တဲ့ လူကြီးဆန်တဲ့ သဘောထားနဲ့ အသိဥာဏ်ကို မြင်နေရတယ်။ ပြီးတော့ အဲဒီမေတ္တာရဲ့ အေးချမ်းမှုကိုလည်း
အပြည့်အဝ သိလို့ရတယ်။ မေတ္တာဆိုတာဟာ ကိုယ့်စိတ်အတွက် အာဟာရတစ်မျိုး ပြန်ဖြစ်သွားတယ်နော်။ သူတစ်ပါးအတွက်လည်း အာဟာရ ဖြစ်တယ်။ ကိုယ့်အတွက်လည်း အာဟာရဖြစ်တယ်။
It is actually impossible to forsake our own spiritual development in
favour of someone else's.
ကိုယ့်မှာ လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်နဲ့စိတ်ဓာတ် ဖြစ်ပေါ်လာအောင်
မလုပ်ဘဲနဲ့ သူတစ်ပါးမှာ လေးနက်တဲ့ မြင့်မြတ်တဲ့ အသိဥာဏ်နဲ့စိတ်ဓာတ် ဖြစ်ပေါ်လာအောင် လုပ်မပေးနိုင်ပါဘူး။
သူတစ်ပါးရဲ့ စိတ်ဓာတ်နဲ့အသိဥာဏ် လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှု ရှိလာအောင် ကိုယ်က အထောက်အကူ ပေးလေလေ ကိုယ့်မှာလည်းပဲ လေးနက်တဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့အသိဥာဏ် ပိုပြီးတော့ ကြီးမားလာလေလေပဲ ဖြစ်လာတယ်။
ကိုယ်က တရားအားထုတ်လို့ အေးချမ်းလာလေလေ ပိုပြီးတော့ ချစ်တတ်လာလေလေ ဖြစ်လာတယ်။ ပိုပြီး သန့်ရှင်းစင်ကြယ်တဲ့ လွတ်လပ်တဲ့ မေတ္တာမျိုးနဲ့
ချစ်နိုင်လေလေ တရားဘက်ကလည်း ပိုပြီး အထောက်အကူ ရလေလေပဲ။
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
💧“ တွေးမိတိုင်းပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

No comments: