ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Monday, April 30, 2012

ဘလော့ရေးမယ်ဆိုလျှင် (၄)

ဘလော့ရေးတဲ့အခါ Zawgyi-One Font ကို အသုံးပြုကြတာများပါတယ်။ တစ်ချို့ဆိုဒ်တွေကတော့ Unicode Font သုံးကြတာလဲရှိပါတယ်။ ဘယ် Font ကိုပဲ သုံးသုံး စာရိုက်တဲ့အခါ သတိထားပြီး ရိုက်ဖို့လိုအပ်ပါတယ်။

ဒီနေရာမှာ ဘလော့ရေးနေတဲ့သူတွေအားလုံးဟာ စာစီစာရိုက်လုပ်ငန်းလုပ်နေကြတဲ့သူတွေ မဟုတ်တဲ့အတွက် စာလုံး တွေရိုက်တဲ့အခါမှာ မှားကြပါတယ်။ စာစီစာရိုက်လုပ်ငန်းလုပ်နေကြတဲ့သူတွေ၊ ရုံးလုပ်ငန်းလုပ်နေကြတဲ့သူတွေက တော့ စာလုံးတွေကို မှန်မှန်ကန်ကန် အသုံးပြုတတ်ကြတာများပါတယ်။

အမှားတွေကို ထောက်ပြနေတယ်လို့မထင်စေချင်ပါဘူး။ မှားလေ့မှားထရှိတာလေးတွေကို စာရေးသူအချင်းချင်း ဆင်ခြင်လို့ရအောင် ကျွန်တော်က ဆွေးနွေးပြောကြားပေးတာသာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးပြောကြားပေးတဲ့အတွက် ကျွန်တော့်သူငယ်ချင်းများ၊ အစ်ကို၊ အစ်မများရဲ့ ငြိုငြင်မှုကိုခံရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စေတနာက ဘလော့ ရေးကြသူအများအပြားအတွက် ရည်ရွယ်ပြီးရေးတာမို့ နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

တစ်ချို့က စာရိုက်ကြတဲ့အခါ တစ်နေရာမှာ မှန်အောင်ရိုက်ပြီး တစ်နေရာမှာတော့ မှားနေကြတယ်။ တစ်ချို့ကတော့ အမှားတွေကိုပဲ အမှန်ထင်ပြီး စာရိုက်နေကြတာတွေ့ရပါတယ်။ ဥပမာလေးတွေ ပြောပြပါမယ်။

(၁) ရကောက်နဲ့ ခုနစ်မှားရိုက်ကြတယ်။

ရကောက်မှန်ခဲ့၊ အဆန်ထည့်၊

အဆန်မဲ့လျှင်၊ ခုနစ်ပင်၊

(၂) ဂ ငယ် နှင့် ၈ မှားရိုက်ကြတယ်။

အဆန်မပါ၊ ဂ ငယ်ပါ။

ပါလျှင်ဂဏန်းရှစ်။

(၃) မင်္ဂလာပါ ဆိုတဲ့စာ ရိုက်တဲ့နေရာမှာ မဂ်လာပါဆိုပြီး မှားရိုက်လေ့ရှိတယ်။

Keyboard က Shift Key နဲ့ F နဲ့တွဲရိုက် ရမှာဖြစ်ပါတယ်။

(၄) ယောက်ျား ဆိုတာကို ယောင်္ကျား လို့ မှားရိုက်ကြပါတယ်။ အသတ်ကို က ကြီးပေါ်မှာ တင်ရပါတယ်။

ယောင်္ကျားလို့ ရေးထုံးမရှိပါဘူး။ အများဆုံးမှားကြပါတယ်။ ယောင်ကျားလို့ဖြစ်သွားတာပေါ့။

(၅) အမှားအများဆုံးကတော့ ရရစ်တွေရိုက်တဲ့အခါဖြစ်ပါတယ်။ အဓိက (၄)မျိုးကို မှတ်ထားရင် အဆင်ပြေပါတယ်။

-ြ = ကတော့ ပ၊ မ ဆိုတဲ့ စာလုံးတွေရိုက်တဲ့အခါ လုံးကြီးတင် မပါရင် သုံးပါတယ်။ Keyboard မှာ j ကို ရိုက်ရပါတယ်။ ပြသည်။ မြမြ ။ မြင့်မြင့်။ ပြောသည်။ စသည်ဖြင့် သုံးရပါတယ်။ ပြသည်။ မြမြ၊ မြင့်မြင့်။ ပြောသည် ဆိုရင် မှားပါတယ်။

-ြ =ကို ပ၊ မ ဆိုတဲ့စာလုံးတွေကို လုံးကြီးတင်ပါရင်သုံးရပါတယ်။ Keyboard မှာ Shift + N ကို ရိုက်ရပါတယ်။ ပြိုမှာလေလားမိုးရယ်။ မြို့မှာတော့ အနံ့အသက်ပေါင်းစုံ။ စသည် သုံးရပါတယ်။ ပြိုမှာလေလား မိုးရယ်။ မြို့မှာတော့ အနံ့အသက်ပေါင်းစုံ။ သေသေချာချာကြည့်ရင် သုံးထားတာ အဆင်မပြေ ပါဘူး။

-ြ = က ၊ သ တို့ကို လုံးကြီးတင်မပါရင် သုံးရပါတယ်။ Keyboard မှာ Shift + M ကို ရိုက်ရပါတယ်။ ကြက်၊ ကြောင်၊ အံ့သြ စသည် သုံးရပါတယ်။ ကြက်။ ကြောင်။ အံ့သြ လို့ သုံးထားရင် အဆင်မပြေပါဘူး။

-ြ = ကို လုံးကြီးတင် ပါရင် သုံးရပါတယ်။ Keyboard မှာ Shift + B ကို ရိုက်ရပါတယ်။ ကြိုက်တယ်။ ကြီးမားတယ်။ စသည်ဖြင့် သုံးရပါတယ်။ ကြိုက်တယ်။ ကြိုက်တယ်။ ကြီးမားတယ်။ ကြီးမားတယ်။ လို့သုံးထားရင် အဆင်မပြေပါဘူး။

အခုကောက်နုတ်ဆွေးနွေးတာလေးတွေကတော့ အမှားများတာလေးတွေပါ။ ကျွန်တော်လဲ တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်ပြီး မှားတတ်ပါတယ်။ အမှားနည်းအောင်တော့ ကြိုးစားပြီး ရိုက်ပါတယ်။ အချိန်ရမယ်ဆိုရင်တော့ Microsoft Word ထဲမှာ စာရိုက်ပါ။ ချက်ချင်းမတင်ပါနဲ့။ စာချော မချော ပြန်ဖတ်ပါ။ စာရိုက်တာ မှား မမှား ပြန်စစ်ပါ။ သတ်ပုံ၊ သဒ္ဒါ မှား မမှားပြန်စစ်ပါ။

ကျွန်တော့အနေနဲ့ စာစီစာရိုက်လုပ်နေရတော့ ကိုယ်တိုင်လဲ သေသေချာချာ ကြည့်တယ်။ တပည့်တွေကိုလည်း သေသေချာချာသင်ပေးထားတယ်။ ဒါကြောင့် မြန်မာစာမြန်မာစကားစာအုပ် စာမျက်နှာ ၈ မှာ ဖော်ပြထားတာလေးနဲ့ အဆုံးသတ်လိုက်ပါတယ်။

“ထိုမှားလောက်သော အမှားများကို တတ်စွမ်းနိုင်သရွေ့ လေ့လာဖော်ထုတ်ပြီး အမှန်ကိုပြင်ရန် လိုအပ်လျက် ရှိသည်။………မြန်မာစာကို စနစ်တကျရေးနိုင်၍ မြန်မာစကားကို မှန်မှန်ကန်ကန် ပြောနိုင်ရန် အမှားများကို သိထားရန် လိုအပ်သည်။ သို့မှသာ အမှားကို ပြင်နိုင်ပေမည်။

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ►► http://myanmarwords.pikay.org/

ဒါကတော့ မြန်မာစာကို ပိုမို လေ့လာနိုင်ဖို့ မြန်မာစာ မြန်မာစကား ဆိုတဲ့ လင့်ခ်လေးပါ။

မြန်မာစာ မြန်မာစကား ►► http://myanmarsar.zaung.net/

Website ကို ရှာဖွေပြီး မှတ်ချက်ရေးသားပေးသော သံစဉ်ဖြူဖြူကို အထူးကျေးဇူးတင်ပါတယ်။

♥♥♥♥♥

အားလုံးကို ခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၉-၄-၂၀၁၂)(၀၅း၁၀)နာရီ

ဘလော့ရေးမယ်ဆိုလျှင် (၃)

ဘလော့ရေးတဲ့အခါ သိသင့်တာလေးတွေ ရေးတော့ ကျွန်တော်နဲ့သဘောထားတိုင်ဆိုင်တဲ့သူရှိသလို မတိုက်ဆိုင် တဲ့သူလည်းရှိနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။

ကျွန်တော် အဓိကထားပြီး ဆက်လက်ဆွေးနွေးမယ့်အပိုင်းက အရေးအသားအပိုင်းပါ။ အရေးအသားပိုင်းကို မပြောခင် ကျွန်တော် ဘယ်အချိန်ကစပြီး စာရေးဖြစ်ခဲ့သလဲ ဆိုတာကို အရင်ပြောချင်ပါတယ်။ ကျွန်တော် ၅ တန်းကျောင်းသား အရွယ်မှာ ၀တ္ထုရှည်တစ်ပုဒ်ကို အစအဆုံးရေးဖူးတယ်။ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းတော့မရှိပါဘူး။ အဲဒီအချိန်က ကျွန်တော်က တောရွာလေးမှာ နေတာဆိုတော့ ပုံနှိပ်စာလုံးအဆင့်ရောက်ဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိပါဘူး။

ကျွန်တော်ရေးသားထားတာတွေ ပုံနှိပ်စာလုံးအနေနဲ့ မြင်ရတာကတော့ ၁၀ တန်းကျောင်းသားဘ၀မှာပါ။ သတင်းစာ၊ စာအုပ် နဲ့ စာစောင်အချို့မှာ ရေးသားဖြစ်ခဲ့တာပါ။

ငယ်ငယ်ကစာရေးခဲ့တာကတော့ ရေးတတ်သလို ရေးလိုက်တာများပါတယ်။ အခုစာတွေရေး၊ ဘလော့တွေ ရေးတင်တော့ ပြီးစလွယ် ရေးလို့ မဖြစ်တော့ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ လုပ်တဲ့လုပ်ငန်းကလည်း ကွန်ပျူတာ စာစီစာရိုက်က အဓိကဖြစ်နေတော့ အရေးအသားကို သတိထားရတယ်။ အရေးအသားကို သတိထားပေမယ့်လည်း ကျွန်တော် အခုအထိ အမှားအယွင်း မကင်းနိုင်သေးပါဘူး။

ဘလော့ရေးတင်တဲ့သူတွေကို လေ့လာကြည့်မိတဲ့အခါ တစ်ချို့က Microsoft Word ထဲမှာ သေသေချာချာရေး၊ သေသေချာချာစစ်ဆေးပြီး စိတ်တိုင်းကျဖြစ်တဲ့အခါမှသာ ပို့စ်တင်ကြတယ်။ တစ်ချို့ကတော့ ခေါင်းစဉ်ရေးရန် နေရာမှာ ခေါင်းစဉ်ရေး၊ စာကိုယ်ရေးရန်နေရာနေရာမှာ စာကိုယ်ရေးပြီး ပို့စ်တင်ကြတယ်။ ပထမ အမျိုးအစားကတော့ ကိုယ်ပိုင်အင်တာနက် သုံးတဲ့သူတွေများသောအားဖြင့် အသုံးပြုကြပါတယ်။ ဒုတိယအမျိုးအစားကတော့ အင်တာနက် ဆိုင်တွေမှာ သွားသုံးကြတဲ့သူတွေ အများဆုံးအသုံးပြုကြပါတယ်။

ဘယ်လိုပဲ ရေးရေး စာရေးကြတဲ့သူတွေကို ကျွန်တော်က ရည်မှန်းချက်ကြီးကြီးနဲ့ ရေးစေချင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဘလော့ဂါတွေဟာ မြန်မာနဲ့နိုင်ငံတကာမှာ ထင်ရှားကြော်ကြားတဲ့ စာရေးဆရာကြီး၊ ဆရာမကြီးတွေ ဖြစ်သွားကြတာ အများအပြားရှိနေကြလို့ပါ။ အပျော်တမ်းရေးသားကြတဲ့သူတွေလည်း အများအပြားရှိကြတာကို တွေ့ရပါတယ်။ တစ်ချို့က တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးပြီး အကြောင်းအကြောင်းကြောင့် ဆက်မရေးကြတာတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ မှန်မှန်လေးရေးနေကြတာ တွေ့ရပါတယ်။

ဘယ်လိုအနေအထားနဲ့ရေးရေး၊ ကိုယ်ရေးတဲ့စာလေးကို အမှားအယွင်းနည်းနည်းနဲ့ ရေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကျွန်တော်က ဒီအကြောင်းအရာကို ရေးတော့ ရေးဖော်ရေးဖက်တွေ ကျွန်တော့် စေတနာကို နားလည်ခွင့်လွှတ်ပေးပါ။ ကျွန်တော်က စာရေးတဲ့အခါမှာ လိုအပ်ရင် ကိုးကားဖို့၊ မှီငြမ်းဖို့အတွက် ရှာဖွေစုဆောင်းထားတဲ့ စာအုပ်တွေကတော့-

(၁) မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း(မြန်မာစာအဖွဲ့ဦးစီးဌာန)

(၂) မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း နှင့် ခွဲထား(မြန်မာစာအဖွဲ့ဦးစီးဌာန)

(၃) မြန်မာစာမြန်မာစကား(မြန်မာစာအဖွဲ့)

(၄) လူတိုင်းအတွက် အသုံးချမြန်မာစာ [မောင်ခင်မင်(ဓနုဖြူ)]

(၅) ရေးဟန်နိဒါန်း [မောင်ခင်မင်(ဓနုဖြူ)]

(၆) မြန်မာစကားနဲ့စာပေ(မောင်သာနိုး)

(၇) မြန်မာစာသုတေသနစာတမ်းများ [ပါမောက္ခဒေါက်တာချိုချိုတင့်(မြန်မာစာ)]

(၈) မြန်မာစာညွန့်ပေါင်းကျမ်း (ပထမတွဲ မှ ပဉ္စမတွဲအထိ)

တခြား ဖတ်သင့် လေ့လာသင့်တဲ့စာအုပ်တွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်က တတ်နိုင်သလောက် ရှာဖွေ လေ့လာဖတ်ရှုပါတယ်။ စာရေးတော့မယ်ဆိုရင် ကျွန်တော်က ဒီစာအုပ်တွေကို အနားမှာထားပြီး ရေးပါတယ်။

ဘာကြောင့်လဲဆိုတော့ သတ်ပုံနဲ့ သဒ္ဒါအထားအသို အမှားအယွင်း နည်းအောင် လေ့လာဖို့အတွက်ဖြစ်ပါတယ်။ ဘလော့ရေးပြီးတင်တဲ့အခါမှာ သတ်ပုံနဲ့ သဒ္ဒါအထားအသို အမှားအယွင်းကို စစ်ဆေးပြီး ချပေးတဲ့ ဆိုဒ်တွေ လက်ချိုး ရေတွက်လို့ရပါတယ်။ ဒါဖြင့် သတ်ပုံမှားမှား၊ သဒ္ဒါအထားအသိုမှားမှား ရေချင်သလိုရေးပြီးတင်လည်း ပို့စ်တွေ ချပေးနေတာ ဂရုစိုက်စရာမလိုဘူးလို့ထင်ကြမှာဖြစ်ပါတယ်။

အမျိုးသားစာပေဆုရှင် ချစ်နိုင်(စိတ်ပညာ)ရဲ့ စာရေးသားနည်းစာအုပ် စာမျက်နှာ ၁၅ မှာ ရေးထားတဲ့စာလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်-

“သတ်ပုံလည်း အမှားနည်းအောင် ရေးသင့်ပါတယ်။ မှားရင် အယ်ဒီတာတို့ စာပြင်ဆရာတို့က ပြင်ကြပါလိမ့်မယ်။ မမှားတာကတော့ အကောင်းဆုံးပေါ့။ မိမိတာဝန်ကို အလေးထားရာရောက်အောင် သတ်ပုံစာအုပ်ကို စားပွဲပေါ်မှာ ဆောင်ထားပေါ့။ ရေးနေရင်းနဲ့ သံသယရှိရင် သတ်ပုံစာအုပ်ကို ကြည့်ရုံပါပဲ။ ဒီလို လေးလေးစားစားလုပ်သင့် တာပေါ့”

ဂရုစိုက်သင့်-မသင့်ကို မိမိကိုယ်တိုင်သာ ဆုံးဖြတ်ကြပါလို့ ပြောရင်း အမှတ်(၃)ကို အဆုံးသတ်လိုက်ပါတယ်။

♥♥♥♥♥

အားလုံးကို ခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၅-၄-၂၀၁၂)(၂၃း၁၀)နာရီ

ဘလော့ရေးမယ်ဆိုလျှင် (၂)

အင်တာနက် ဆိုရှယ်နက်ခ်ဝါ့တွေပေါ်မှာ ဘလော့တွေရေးနေကြတဲ့ အကြောင်းရင်းကို ကျွန်တော် စဉ်းစား မိတာ လေးတွေ အရင်ပြောပြချင်တယ်။

(၁) စာရေးတာဝါသနာပါလို့ရေးနေကြသူများ

(၂) ထင်ပေါ်ကြော်ကြားချင်လို့ ရေးနေကြသူများ

(၃) စာပေနယ်ကို ၀င်ဖို့ရာခက်ခဲတဲ့အတွက် လွယ်ကူတဲ့လမ်းမှ စတင်ဝင်ရောက် ရေးသားနေကြသူများ

(၄) ယခင်က စာစောင်၊ မဂ္ဂဇင်းများတွင် ရေးသားခဲ့ပေမယ့် အချိန်အတော်ကြာ ကင်းကွာနေသူများက ယခု တစ်ဖန် ပြန်လည်ရေးသားသည့်အခါ တုန့်ပြန်မှုလျင်မြန်စွာရရှိလို့ ဘလော့များကို ရေးသားနေကြသူများ

(၅) စာအုပ်စာစောင်များတွင် ဖော်ပြပြီးသည့် စာမူများကို ပြန်လည်တင်ပြ ရေးသားနေကြသူများ

(၆) တစ်ပါးသူက တိုက်တွန်းတဲ့အတွက် ရေးသားနေကြသူများ

ဒါတွေက စဉ်းစားမိသလောက်ပါ။ လိုအပ်တာတွေရှိမယ်လို့ထင်ပါတယ်။ ဖြည့်စွက်ပြောပြပေးကြပါ။

ဆက်လက်ပြီး ဘယ်လိုအကြောင်းအရာတွေကို ရေးနေကြတာလဲဆိုတာကို အကြမ်းဖျင်း လေ့လာကြည့်မယ် ဆိုရင်-

(၁) ကွန်ပျူတာနှင့်သိပ္ပံနည်းပညာများ၊ ဘာသာရပ်ဆိုင်ရာများ

(၂) စာပေ (ဆောင်းပါး၊ ၀တ္ထု၊ ကဗျာ၊ဟာသ၊ သရော်စာ)စသည်များ

(၃) ပြည်တွင်း၊ပြည်ပသတင်းများ

(၄) ဘာသာပြန်များ

(၅) ကိုယ်ရေးအထုပ္ပတ္တိများ

(၆) အခြားအကြောင်းအရာများ

ဘယ်သူတွေက ဘလော့တွေဖတ်ကြလဲ ဆိုတာကို ကြည့်လိုက်တော့-

(၁) လူကြီး၊ လူငယ် အရွယ်မရွေး၊ ဘာသာမရွေးဖတ်ကြတယ်။

(၂) အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖတ်ကြတယ်။

(၃) သီလရှင်နဲ့ရဟန်းသံဃာတွေဖတ်ကြတယ်။

အဲဒီတော့ ကိုယ်ရေးတဲ့ ဘလော့တွေကို ပြည်တွင်းပြည်ပက လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံက ဖတ်နေတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့် စာဖြစ်ရင်ပြီးရောဆိုပြီး အကြောင်းအရာကို အဓိကမထားဘဲ ရေးချင်တာကို ရေးချင်သလိုရေး ဖို့မသင့်ပါဘူး။ ကျွန်တော်ဆိုလိုတာက စာဖတ်သူတွေကို အထင်မသေးဖို့ပါပဲ။

လူတစ်ထောင် လက်ခုပ်တီးပြီး အားပေးတာ၊ မှတ်ချက်ပေးတာထက်စာရင်၊ ပညာရှိတစ်ယောက် မကဲ့ရဲ့အောင် ရေးသင့်ပါတယ်။ ကိုယ်ရေးတင်တဲ့ ဘလော့တစ်ခုကြောင့် ကိုယ့်အပေါ်မှာ အထင်ကြီးခံရနိုင်သလို၊ အထင်သေးခံ ရနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

စာဖတ်များတဲ့သူတွေ၊ ဆိုဒ်ပေါင်းစုံမှာ ဘလော့တွေကို လိုက်ဖတ်နေတဲ့သူတွေဟာ ဘယ်ဟာက ကိုယ်ပိုင်ဖန်တီးမှု၊ ဒါမှမဟုတ် ကော်ပီလုပ်ထားတယ်ဆိုတာ ချက်ချင်းသိပါတယ်။ စေတနာနဲ့မျှဝေတင်ပြပေးကြတာကတော့ အပြစ် မပြောလိုပါ။ စာရေးသူ အချင်းချင်း လေးစားတဲ့အနေနဲ့ မူရင်းစာရေးသူကို ဖော်ပြပေးသင့်ပါတယ်။ ကျွန်တော် အဓိက ပြောချင်တာကတော့ ကိုယ့်အတွက် ကျန်အောင် ကိုယ်ပိုင် ဘလော့တွေကို များများရေးစေချင်ပါတယ်။ ကိုယ်ပိုင် ဖန်တီးမှုတွေကို တင်ပြပေးစေချင်ပါတယ်။

ဘလော့ရေးပြီး တင်ပြကြတယ်ဆိုတာ ကိုယ်ရေးတာကို သူများဖတ်စေချင်လို့ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တင်ပြလိုက်ပြီ ဆိုတာနဲ့ ဖတ်ကြမယ်။ ဝေဖန်ကြမယ်။ မှတ်ချက်ရေးသူ ရေးကြမယ်။ မရေးတဲ့သူ မရေးဘူး။ လက်ခံ တဲ့သူရှိမယ်။ လက်မခံတဲ့သူရှိမယ်။ အမြင်ချင်းတူတဲ့သူရှိမယ်။ အမြင်ချင်းမတူတဲ့သူရှိမယ်။ ကောင်းသော တုန့်ပြန်မှု ရှိနိုင်သလို ဆိုးသောတုန့်ပြန်မှုလဲရှိလာမှာပါ။ ကောင်းလို့ချီးမွမ်းစာရေးရင် မမြှောက်ဘဲ နေနိုင်ရမယ်။ မကြိုက်လို့ ဆဲသွားရင်လဲ ခံနိုင်ရည်ရှိရပါမယ်။ မှတ်ချက်တွေအများကြီးဆိုပြီး ဘ၀င်မမြင့် သင့်ပါဘူး။ မှတ်ချက်မရှိပါ ဆိုပြီးလဲ စိတ်ဓာတ်ကျ မသွားစေချင်ပါဘူး။ ဇွဲကောင်းကောင်းနဲ့ ဆက်လက်ရေးသားတင်ပြသွားမယ်ဆိုရင် တစ်နေ့တော့ စာရေးကောင်းသူတစ်ယောက်၊ အများလက်ခံတဲ့သူတစ်ယောက်ဖြစ်လာမှာပါ။

“သိပ်ကောင်းမှသာ ရေးရမယ်ဆိုရင် အကြာကြီးစောင့်နေတာနဲ့ မရေးဖြစ်တော့ဘူး။ ဒီတော့ ရေးဖြစ်အောင် သတ္တိမွေး ရတယ်။ အကောင်းစားမဟုတ်တောင် အညံ့စား မဖြစ်အောင် သတိထားလိုက်တယ်။ အနည်းဆုံး မညံ့အောင် ကြိုးစား လိုက်တော့ ရေးဖြစ်သွားရော”

ဆိုတဲ့ ကံချွန် အမှတ်တရစာစုများ စာမျက်နှာ ၁၆ မှာ စာရေးဆရာကံချွန်က အကယ်ဒမီငြိမ်းမင်းကို ပြောခဲ့တဲ့ စကားလေးနဲ့ အမှတ်(၂)ကို အဆုံးသတ်လိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၃-၄-၂၀၁၂)

ဘလော့ရေးမယ်ဆိုလျှင် (၁)

ကျွန်တော် ဒီခေါင်းစဉ်နဲ့ စာရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ ရေးသင့် မရေးသင့် အဓိကထား စဉ်းစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ထင်ရှားကြော်ကြားတဲ့ စာရေးဆရာ တစ်ယောက်၊ ဘလော့ဂါ တစ်ယောက် မဟုတ်လို့ပါပဲ။ ဘလော့ဂါ တစ်ယောက်အနေနဲ့ သက်တမ်းအားဖြင့် (၇)လကျော်ကျော်သာ ရှိပါသေးတယ်။ ကျွန်တော့ရှေ့မှာ ဦးဆောင်လမ်းပြပြီး ရေးသားတင်ပြကြတဲ့သူတွေ အများကြီးရှိပါတယ်။

ကျွန်တော်က ဒီကာလအတွင်းမှာ ကဗျာအပါအ၀င် ပို့စ် ပေါင်း (၃၀၀)ကျော်ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်က ဆိုဒ်ပေါင်း (၁၀)ဆိုဒ်မှာ အကြောင်းအရာမျိုးစုံကို တင်ပြနေတာပါ။ တစ်ချို့ဆိုဒ်တွေမှာတော့ တင်ပြတာ သိပ်မကြာသေးပါဘူး။

ဒီစာကို ကျွန်တော်ရေးရတဲ့ အကြောင်းရင်းကတော့ ကံချွန်အမှတ်တရစာစုများ စာအုပ် စာမျက်နှာ(၅၄)မှာ

“…………….ကိုယ့်အတွက် အဖတ်တင်အောင်ရေး၊ ပြီး ပြီးရောမလုပ်နဲ့။ ဂျာနယ်ထဲသာမက တစ်ချိန်မှာ စာအုပ်ထုတ်လို့ရအောင်ရေး၊ ဂျာနယ်မှာရေးရင်လည်း တစ်ပုဒ်နဲ့ပြီးသွားတာမျိုး မရေးနဲ့။ ခေါင်းစီးတစ်ခု နဲ့ ပင်တိုင်ရအောင်ရေးပြီး စာအုပ်ထုတ်နိုင်အောင်ကြိုးစား။ ရေးအားရှိတုန်းရေးကွ”

ဆိုတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မန္တလေးသား စာရေးဆရာ ကံချွန်က စာရေးဆရာ ဆူးငှက်ကို ပြောခဲ့တဲ့ စကားကို ဖတ်မိလို့ပါ။

စာရဲ့ဆိုလိုချက်က ထပ်ပြီး ရှင်းပြစရာတောင်မလိုပါဘူး။

ကျွန်တော်က ဒီစာကို မဖတ်မိခင်ကတည်းက ကိုယ့်အတွက် ကျန်အောင်ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘလော့တွေရေး၊ ဘာသာပြန်တွေရေး၊ ကဗျာတွေ ရေးနေတာပါ။ ဒီစာကို ဖတ်မိတော့ ပိုပြီး အားတက်သွားပါတယ်။ ကျွန်တော့် ခံယူချက်နဲ့ တစ်ထပ်တည်းကျတဲ့ ဆရာကံချွန်ရဲ့ စကားကို ဖတ်ဖြစ်တော့ ကျွန်တော် ဒီစာကို ရေးဖြစ်အောင် ရေးမယ် ဆိုတဲ့စိတ်ဖြစ်ပေါ်မိလို့ ရေးလိုက်ရပါတယ်။

ပထမဆုံးပြောချင်တာကတော့ ဘလော့ခေါင်းစဉ်ရေးတဲ့အခါမှာ

(၁) တိုတိုနဲ့ ထိထိမိမိဖြစ်အောင်ရေးသင့်ပါတယ်။

ဥပမာ…ဘလော့ဘယ်လိုရေးမလဲ

(၂) ရှည်လျားတဲ့ခေါင်းစဉ်တွေ မရေးသင့်ပါဘူး။

ဥပမာ…အင်တာနက်ဝက်ဆိုဒ်များတွင် ဘလော့တစ်ပုဒ်ကို ဘယ်လိုကောင်းအောင် ရေးသားကြမလဲ

(၃) ခေါင်းစဉ်မှာ မလိုအပ်တဲ့ သင်္ကေတတွေ ထည့်မရေးသင့်ပါဘူး။

ဥပမာ….(((*****&&&&&&@@@@@တကယ်ချစ်ရဲ့လား@@@@@&&&&&*******)))

(၄) ခေါင်းစဉ်မှာ မလိုအပ်တဲ့ စာသားတွေကို မဖော်ပြသင့်ပါဘူး။

ဥပမာ….မိန်းကလေးတွေသိထားဖို့ (Face book မှာတွေ့လို့ ကူးပြီးတင်ပြပေးလိုက်တာပါ။ ဖတ်ဖြစ်အောင် ဖတ်ကြစေချင်ပါတယ်။)

(၅) စာရေးသူ၊ ဘလော့ရေးသူရဲ့ အမည်ကို မထည့်သင့်ပါဘူး။

ဥပမာ…အနားမှာနေချင်ပြီ (ကိုရင်ကျော်ကိုယ်တိုင် ရင်နှင့်ခံစားရေးသားတင်ပြသည်)

အခုတင်ပြတဲ့ ခေါင်းစဉ်ရေးသားမှု အပိုင်းက ကျွန်တော့်အမြင်၊ ကျွန်တော့်ခံယူချက်များသာဖြစ်ပါတယ်။ သဘောထား တူညီသူများရှိသလို၊ သဘောထားကွဲလွဲတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ လွတ်လပ်စွာ ဝေဖန်ပြောဆိုကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ လိုအပ်ချက်များရှိရင်လည်း ထပ်မံဖြည့်စွက်ပေးပါ။

အားလုံးကို ခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၁-၄-၂၀၁၂)

Sunday, April 1, 2012

နှလုံးအိမ်ထဲက ချစ်တဲ့အလုပ်ရှင်

လူတစ်ယောက် သူ့အလုပ်ရှင်ဆီကို ဖုန်းခေါ်တယ်။

ဒါပေမယ့် အလုပ်ရှင်က ဖုန်းမကိုင်ဘဲ သူ့မိန်းမက ဖုန်းလာကိုင်တယ်။
“လွန်ခဲ့တဲ့ အပတ်က သူသေသွားလို့ ငါကြောက်တယ်”
သူမက ရှင်းပြတယ်။
ထိုသူက နောက်နေ့မှာလဲ ဖုန်းထပ်ခေါ်တယ်။ အလုပ်ရှင်ကို မေးတာပေါ့။
“ငါပြောမယ်…လွန်ခဲ့တဲ့အပတ်က သူသေပြီ” မိန်းမက ပြန်ပြောတယ်။
နောက်ရက်ကျတော့ ထပ်ခေါ်ပြန်တယ်။ သူ့အလုပ်ရှင်နဲ့ တစ်ကြိမ်လောက် စကားပြောပါရစေတဲ့။

ဒီအချိန်မှာ မိန်းမဖြစ်သူက ၀မ်းနည်းပက်လက်ဖြစ်လာပြီး အော်ပြောတယ်။
“ငါ…မင်းကို နှစ်ကြိမ်ရှိပြီပြောတာလေ။ ငါ့ယောက်ျား…မင်းတို့ရဲ့အလုပ်ရှင်။ လွန်ခဲ့တဲ့အပတ်က သေပြီလေ။

ဘာကြောင့် ဖုန်းဆက်နေရတာလဲ”
သူက ရယ်ရင်း ပြန်ဖြေလိုက်တာကတော့….
“ဒီသတင်းလေး နားထောင်ရတာ နားဝင်ချိုလွန်းလို့ပါ”


In Memory of all those who love their bosses!

A guy phones up his Boss, but gets the bosses wife instead, she explains "I'm afraid he died last week".
The next day the man calls again and asks for the boss. "I told you" the wife replies, "he died last week."
The next day he calls again and once more asks to speak to his boss, by this time the wife is getting upset and shouts, "I'VE ALREADY TOLD YOU TWICE, MY HUSBAND, YOUR BOSS, DIED LAST WEEK! WHY DO YOU KEEP CALLING?"
He replied laughing, "I just love hearing it"......... J
မူရင်းလင့်လေးပါ။

(ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၉-၃-၂၀၁၂)

အလုပ်ရှင် နှင့် သင်

Boss vs Me

အလုပ်ရှင် နှင့် သင်

When I Take a long time to finish,
I am slow,
When my boss takes a long time,
he is thorough
အလုပ်တစ်ခုကို တော်တော်နဲ့ မပြီးရင်-

“ငါလုပ်တာ နှေးတယ်” တဲ့။

သူလုပ်တာ တော်တော်နဲ့ မပြီးရင်တော့-

“သူစဉ်းစားနေတာ” တဲ့။

When I don't do it,
I am lazy,
When my boss does not do it,
he is busy,
ငါက ဒီဟာကို မလုပ်ဘူးဆိုရင်-

“ငါက ပျင်းတယ်” တဲ့။

အဲဒီဟာကိုပဲ သူမလုပ်ရင်တော့

“သူ အလုပ်များနေတယ်” တဲ့။

When I do something without being told,
I am trying to be smart,
When my boss does the same,
he takes the initiative,
ငါက စကားမပြောဘဲ အလုပ်လုပ်နေရင်-

“ငါက…လူအထင်ကြီးအောင် ကြိုးစားနေတာ”တဲ့။

သူက ငါ့လိုပဲ စကားမပြောပဲလုပ်နေရင်တော့-

“သူက စွန့်ဦးတီထွင်နေတာ” တဲ့။

When I please my boss,
I am apple polishing,
When my boss pleases his boss,
he is cooperating,
ငါက အလုပ်ရှင်ကို ချီးကျူးမိရင်-

“ငါက…ဖားနေတာ” တဲ့။

သူက သူဌေးကို ချီးကျူးရင်တော့

“သူက ပူးပေါင်းဆောင်ရွက်တာ”တဲ့။

When I make a mistake,
you're an idiot.
When my boss makes a mistake,
he's only human.
ငါက အမှားလုပ်မိရင်-

“မင်းက သောက်ရူးပဲ”တဲ့။

သူအမှားလုပ်မိရင်တော့-

“ငါက လူသားပဲကွာ” တဲ့။

When I am out of the office,
I am wandering around.
When my boss is out of the office,
he's on business.
ငါက ရုံးအပြင်ကို ထွက်မိရင်တော့-

“ဟိုယောင်ယောက် သည်ယောင် လျှောက်သွားနေတာ”တဲ့။

သူက ရုံးအပြင်ကို ထွက်သွားရင်တော့-

“စီးပွားရေးလိုက်လုပ်နေတာ”တဲ့။

When I am on a day off sick,
I am always sick.
When my boss is a day off sick,
he must be very ill.
ငါက တစ်ရက်တစ်နေ နေမကောင်းဖြစ်နေရင်-

“မင်းဟာ အမြဲတမ်း နေမကောင်းဘူး” တဲ့။

သူက တစ်ရက်တစ်လေ နေမကောင်းဖြစ်ခဲ့ရင်တော့-

“သူဟာ အရမ်းဖျား နေတာ”တဲ့။

When I apply for leave,
I must be going for an interview
When my boss applies for leave,
it's because he's overworked
ငါက ခွင့်ယူဖို့ပြောရင်-

“မင်းနဲ့ ဆွေးနွေးစရာရှိတယ်” တဲ့။
သူခွင့်ယူမယ်ဆိုရင်တော့-

“အလုပ်လုပ်ရတာ ပင်ပန်းလို့”တဲ့။

When I do good,
my boss never remembers,
When I do wrong,
he never forgets

ငါ လုပ်တာကောင်းရင် သူက ဘယ်တော့မှ သတိမရဘူး။

ငါ အမှားလုပ်မိရင် သူဘယ်တော့မှ မမေ့တော့ဘူး။

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၁-၃-၂၀၁၂)(၁၈း၀၀)နာရီ