ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Monday, April 30, 2012

ဘလော့ရေးမယ်ဆိုလျှင် (၁)

ကျွန်တော် ဒီခေါင်းစဉ်နဲ့ စာရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ ရေးသင့် မရေးသင့် အဓိကထား စဉ်းစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ထင်ရှားကြော်ကြားတဲ့ စာရေးဆရာ တစ်ယောက်၊ ဘလော့ဂါ တစ်ယောက် မဟုတ်လို့ပါပဲ။ ဘလော့ဂါ တစ်ယောက်အနေနဲ့ သက်တမ်းအားဖြင့် (၇)လကျော်ကျော်သာ ရှိပါသေးတယ်။ ကျွန်တော့ရှေ့မှာ ဦးဆောင်လမ်းပြပြီး ရေးသားတင်ပြကြတဲ့သူတွေ အများကြီးရှိပါတယ်။

ကျွန်တော်က ဒီကာလအတွင်းမှာ ကဗျာအပါအ၀င် ပို့စ် ပေါင်း (၃၀၀)ကျော်ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်က ဆိုဒ်ပေါင်း (၁၀)ဆိုဒ်မှာ အကြောင်းအရာမျိုးစုံကို တင်ပြနေတာပါ။ တစ်ချို့ဆိုဒ်တွေမှာတော့ တင်ပြတာ သိပ်မကြာသေးပါဘူး။

ဒီစာကို ကျွန်တော်ရေးရတဲ့ အကြောင်းရင်းကတော့ ကံချွန်အမှတ်တရစာစုများ စာအုပ် စာမျက်နှာ(၅၄)မှာ

“…………….ကိုယ့်အတွက် အဖတ်တင်အောင်ရေး၊ ပြီး ပြီးရောမလုပ်နဲ့။ ဂျာနယ်ထဲသာမက တစ်ချိန်မှာ စာအုပ်ထုတ်လို့ရအောင်ရေး၊ ဂျာနယ်မှာရေးရင်လည်း တစ်ပုဒ်နဲ့ပြီးသွားတာမျိုး မရေးနဲ့။ ခေါင်းစီးတစ်ခု နဲ့ ပင်တိုင်ရအောင်ရေးပြီး စာအုပ်ထုတ်နိုင်အောင်ကြိုးစား။ ရေးအားရှိတုန်းရေးကွ”

ဆိုတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မန္တလေးသား စာရေးဆရာ ကံချွန်က စာရေးဆရာ ဆူးငှက်ကို ပြောခဲ့တဲ့ စကားကို ဖတ်မိလို့ပါ။

စာရဲ့ဆိုလိုချက်က ထပ်ပြီး ရှင်းပြစရာတောင်မလိုပါဘူး။

ကျွန်တော်က ဒီစာကို မဖတ်မိခင်ကတည်းက ကိုယ့်အတွက် ကျန်အောင်ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘလော့တွေရေး၊ ဘာသာပြန်တွေရေး၊ ကဗျာတွေ ရေးနေတာပါ။ ဒီစာကို ဖတ်မိတော့ ပိုပြီး အားတက်သွားပါတယ်။ ကျွန်တော့် ခံယူချက်နဲ့ တစ်ထပ်တည်းကျတဲ့ ဆရာကံချွန်ရဲ့ စကားကို ဖတ်ဖြစ်တော့ ကျွန်တော် ဒီစာကို ရေးဖြစ်အောင် ရေးမယ် ဆိုတဲ့စိတ်ဖြစ်ပေါ်မိလို့ ရေးလိုက်ရပါတယ်။

ပထမဆုံးပြောချင်တာကတော့ ဘလော့ခေါင်းစဉ်ရေးတဲ့အခါမှာ

(၁) တိုတိုနဲ့ ထိထိမိမိဖြစ်အောင်ရေးသင့်ပါတယ်။

ဥပမာ…ဘလော့ဘယ်လိုရေးမလဲ

(၂) ရှည်လျားတဲ့ခေါင်းစဉ်တွေ မရေးသင့်ပါဘူး။

ဥပမာ…အင်တာနက်ဝက်ဆိုဒ်များတွင် ဘလော့တစ်ပုဒ်ကို ဘယ်လိုကောင်းအောင် ရေးသားကြမလဲ

(၃) ခေါင်းစဉ်မှာ မလိုအပ်တဲ့ သင်္ကေတတွေ ထည့်မရေးသင့်ပါဘူး။

ဥပမာ….(((*****&&&&&&@@@@@တကယ်ချစ်ရဲ့လား@@@@@&&&&&*******)))

(၄) ခေါင်းစဉ်မှာ မလိုအပ်တဲ့ စာသားတွေကို မဖော်ပြသင့်ပါဘူး။

ဥပမာ….မိန်းကလေးတွေသိထားဖို့ (Face book မှာတွေ့လို့ ကူးပြီးတင်ပြပေးလိုက်တာပါ။ ဖတ်ဖြစ်အောင် ဖတ်ကြစေချင်ပါတယ်။)

(၅) စာရေးသူ၊ ဘလော့ရေးသူရဲ့ အမည်ကို မထည့်သင့်ပါဘူး။

ဥပမာ…အနားမှာနေချင်ပြီ (ကိုရင်ကျော်ကိုယ်တိုင် ရင်နှင့်ခံစားရေးသားတင်ပြသည်)

အခုတင်ပြတဲ့ ခေါင်းစဉ်ရေးသားမှု အပိုင်းက ကျွန်တော့်အမြင်၊ ကျွန်တော့်ခံယူချက်များသာဖြစ်ပါတယ်။ သဘောထား တူညီသူများရှိသလို၊ သဘောထားကွဲလွဲတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ လွတ်လပ်စွာ ဝေဖန်ပြောဆိုကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ လိုအပ်ချက်များရှိရင်လည်း ထပ်မံဖြည့်စွက်ပေးပါ။

အားလုံးကို ခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၁-၄-၂၀၁၂)

No comments: