ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Saturday, May 5, 2012

အဲဒါ…ကျွန်တော့်အမေ

“အောင်မလေး….ကျပြီ”

ဘတ်စကားပေါ်မှာ စပယ်ယာပြုတ်ကျသွားသည်နှင့် ကားပေါ်မှ ခရီးသည်များ၏ အော်ဟစ်သံသည် ဆူညံသွား လေသည်။ ဘတ်စကားပေါ်တွင် လူကြပ်နေသဖြင့် ရရာဆွဲကိုင်ထားသော စပယ်ယာသည် ကားအကွေ့တွင် လက်လွတ်ပြီး အောက်သို့ အရှိန်နှင့် ကျသွားခြင်းဖြစ်သည်။

ခရီးသည်များ၏ အော်ဟစ်သံကြောင့် ယာဉ်မောင်းက ကားကိုရပ်လိုက်သည်။ စပယ်ယာမှာ လမ်းမပေါ်တွင် သတိမေ့ နေလေသည်။ ကံကောင်းသည်မှာ ဘတ်စကားနောက်မှ မည်သည့်ယာဉ်မျှကပ်ပြီးလိုက်မလာခြင်းဖြစ်သည်။ အကယ်၍သာ နောက်မှ ယာဉ်တစ်စီးစီးကပ်လျက်လိုက်ပါလာပါက မတွေးဝံ့စရာပင်ဖြစ်သည်။

ယာဉ်မောင်းက စိုးရိမ်တကြီးနှင့် ဆင်းလာသည်။ စပယ်ယာကို ကြည့်လိုက်ပြီးနောက် လေးဘီးတစ်စီးကိုတားပြီး လိပ်စာတစ်ခုကို ပေးလိုက်ပြီးနောက်-

“သူ့အိမ်ကို ပို့ပေးပါ။ ဘာမှ မဖြစ်လောက်ပါဘူး”

သတိမေ့နေသော စပယ်ယာကို ကားပေါ်တင်ပေးလိုက်ကြသည်။

“ဟာ…ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲဗျ။ အတွင်းကြေကြေသွားပြီး သတိမေ့နေတာလားမှ မသိတာ”

မနေနိုင်သောခရီးသည်တစ်ယောက်က ၀င်ပြောသည်။ သို့သော် ယာဉ်မောင်းက လေးဘီးသမားကို ပိုက်ဆံပေးပြီး အတင်းမောင်းထွက်ခိုင်လိုက်သည်။ လေးဘီးသမားလည်း ကားကို စက်နှိုးပြီး မောင်းထွက်သွားလေသည်။

♥♥♥♥♥

“ဒါ…မောင်ကျော်တို့ အိမ်လားခင်ဗျ”

လေးဘီးသမားက လှမ်းမေးလိုက်သည့်အချိန်တွင် အိမ်ထဲမှ မိန်းမကြီးတစ်ယောက် ထွက်လာသည်။

“ဟုတ်ပါတယ်”

“မောင်ကျော်….ဘတ်စကားပေါ်က ပြုတ်ကျလို့”

“သား…”

မိန်းမကြီးက ကားနောက်ခန်းတွင် သတိမေ့နေသော မောင်ကျော်ကို မြင်သွားသည်။ စိုးရိမ်တကြီး အပြေးအလွှား သွားကြည့်လိုက်သည်။

“ဘယ်လိုဖြစ်တာလဲ…သားရယ်”

“အဲဒါနောက်မှမေး…အိမ်ထဲကို အရင်ပို့မယ်”

လေးဘီးသမားက မောင်ကျော်ကို ထမ်းပြီးနောက် အိမ်ထဲကို ခေါ်လာသည်။ ကုတင်ပေါ်တွင်ပက်လက် ထားလိုက်သည်။ မိန်းမကြီးက မောင်ကျော်၏ မျက်နှာကိုလှမ်းကြည့်လိုက်ပြီးနောက် ဘတ်စကားသမားကို မေးလိုက် သည်။

“သားလေးရယ်…ကံမကောင်းပါလားနော်။ ရှင်တို့က သားကို ဆေးရုံ၊ ဆေးခန်းကို ဘာကြောင့်မပို့တာလဲ”

“ကားသမားက ဘာမှ မဖြစ်လောက်ဘူးဆိုပြီး အိမ်ကို ပို့ခိုင်းတာပါ။ နောက်မှ အိမ်ကို သူလာမယ်ထင်တယ်”

“သားလေးကို အိမ်အရောက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်ကွယ်”

လေးဘီးသမားက နှုတ်ဆက်ပြီးနောက် ပြန်ထွက်သွားလေသည်။ မိန်းမကြီးသည် မောင်ကျော်၏မိခင်ဖြစ်သည်။ မိန်းမကြီးသည် မောင်ကျော်၏ အခြေအနေကို ကြည့်လိုက်သည့်အခါ သွေးရဲရဲသံရဲရဲဖြစ်မနေသည့်အတွက် စိတ်သက်သာရာရသွားသည်။

♥♥♥♥♥

မောင်ကျော်က ၈ တန်းအောင်ထားသော ကျောင်းသားတစ်ယောင်သာဖြစ်သည်။ မောင်ကျော်၏ ဖခင်က မောင်ကျော်လူမှန်းမသိခင်အချိန်ကတည်းက စွန့်ခွါသွားခဲ့ခြင်းဖြစ်သည်။ မိခင်ကြီးက ဆင်းရဲနွမ်းပါးလွန်း သဖြင့် ကျောင်းဆက်တက်နိုင်ရန် နွေရာသီကျောင်းပိတ်ရက်တွင် အသိတစ်ယောက်၏ အကူအညီဖြင့် မောင်ကျော်သည် ဘတ်စကား စပယ်ယာ အလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်သည်။

အသက်ကလည်းငယ်ရွယ်သေးသည့်အချိန်ဖြစ်သည်။ နံနက် ၆ နာရီခန့်တွင် အုံနာအိမ်ကို အရောက်သွားရသည်။ ကားကို သန့်ရှင်းရေးလုပ်ရသည်။ မှန်တိုက်ရသည်။ ဆီ-ရေ-လေ ကြည့်ရသည်။ ဘတ်စကားမှာ ရှေးဟောင်းကားကြီး ဖြစ်သဖြင့် စက်မနှိုးပဲ ဟန်ဒယ်ဖြင့် အကြိမ်များစွာ လှည့်ထားရသည်။ ကလေးတစ်ယောက်အနေဖြင့် အစက တော်တော်နှင့်လှည့်မရ။ အားစိုက်လှည့်မှ ရသည်။

ဘတ်စကား အုံနာနှင့် ယာဉ်မောင်းသူမှာ တစ်ယောက်တည်းဖြစ်သည်။ ဘတ်စကားထွက်လျှင် ငွေသိမ်းရန်အတွက် အုံနာကတော် အမြဲပါသည်။ မောင်ကျော်က ဘတ်စကားခ ကောက်ပြီးလျှင် ယာဉ်မောင်းဘေးတွင် ထိုင်နေသော အုံနာကတော်ကို ပိုက်ဆံအပ်ရသည်။

မိခင်ကြီးက မောင်ကျော်ကို ကားစပယ်ယာမလုပ်စေချင်သော်လည်း စီးပွားရေးအခြေအနေအရ ခွင့်ပြုထားခြင်း ဖြစ်သည်။

မောင်ကျော် ဘတ်စကားပေါ်က ပြုတ်ကျသည့် ညနေတွင် ကားပိုင်ရှိင်၏သမီးရောက်လာပြီး အနည်းငယ်သောငွေကို လာပေးသည်။ ပေးသောပိုက်ဆံမှာ အင်မတန်မှ နည်းလွန်းပြီး ကျန်းမာရေးကောင်းမွန်ပါက အလုပ်လာလုပ်ရန် မလိုကြောင်းပြောသည်။ မောင်ကျော်က ကျောင်းစရိတ်လိုနေသဖြင့် အလုပ်ပြန်ဆင်းခွင့်ပြုရန် အတန်တန်ပြောသော် လည်း လုပ်ခွင့်မရခဲ့ပေ။

ထို့ကြောင့် မောင်ကျော်သည် ရပ်ကွက်ထဲတွင် ၀င်ငွေရမည့်အလုပ်များကို ရှာဖွေလုပ်ကိုင်သည်။ အိမ်နှင့် အုတ်နံရံ ဆေးသုတ်သည့်အလုပ်များ လုပ်ပေးသည်။ မြက်ပေါက်ပေးသည်။ ရေနံချေးသုတ်ပေးသည်။ ပန်းရန် အလုပ်သမားအဖြစ်လိုက်လုပ်ပေးသည်။ လက်သမားအကူအဖြစ်လိုက်လုပ်ပေးသည်။ ထိုအလုပ်များက အမြဲ လုပ်ရသည်တော့မဟုတ်။ သို့သော် ရသမျှငွေကို စားဝတ်နေရေးအတွက် အသုံးပြုပြီး ကျန်သမျှကို ကျောင်းစရိတ် အဖြစ်စုဆောင်းသည်။ မိခင်ကြီးက သားဖြစ်သူ၏ လိမ္မာရေးခြားရှိမှု၊ သိတတ်မှု၊ ပညာကို လိုလားမှုကို သိရှိသော်လည်း အလုပ်အကိုင် အခွင့်အလမ်းက မကောင်းသဖြင့် သားလုပ်သူရှာဖွေပေးသည်ကို မစားရက် မသောက်ရက်ဖြစ်နေသည်။

♥♥♥♥♥

“သား”

“ဟုတ်ကဲ့ အမေ”

“သား…အခုဆို ၈ တန်း အောင်ပြီးနေပြီ”

“ဟုတ်ကဲ့မေမေ…အဲဒါဘာဖြစ်လဲ”

“သားလေး…ဒီအရွယ်ရောက်ပေမယ့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သားလေးကို မေမေ ကိုရင် ၀တ်မပေးရသေးဘူး”

“အဲဒါက အရေးမကြီးပါဘူး အမေ”

“ဘယ်ဟုတ်မလဲသားရယ်…အမေ့ဝတ္တရားအတိုင်းသားကို ကိုရင်ဝတ်ပေးမယ်နော်”

“အမေ…၀တ်စေချင်ရင် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သွားဝတ်လိုက်ပါမယ်”

“ဒီလိုလဲ မဟုတ်သေးဘူး။ အမေက ငါ့သားကို ကိုရင်ဝတ်ပေးတဲ့အခါ ရပ်ဆွေရပ်မျိုးတွေ၊ ရပ်ကွက်ကလူတွေကို ၀က်သားဟင်းနဲ့ ဧည့်ခံချင်တယ်”

“ဟာဗျာ…အမေကလည်း ပိုက်ဆံမှ မရှိတာ”

“အမေ့ဆီမှာ ပိုက်ဆံရှိပါတယ်”

“ဗျာ…ကျွန်တော် ရှာပေးတဲ့ငွေက နည်းနည်းလေးပဲ”

“အမေ…အားလုံးစီစဉ်ပြီးပြီ။ သားလေး လာမယ့်တနင်္ဂနွေနေ့မှာ ကိုရင်ဝတ်ရမယ်”

မောင်ကျော် ဘယ်လိုမှ မစဉ်းစားတတ်အောင်ဖြစ်နေသည်။ အမေ့တွင် ရပ်ကွက်လူထုမပြောနှင့် အိမ်တွင်ပင် ဟင်းကောင်းကောင်းချက်မစားနိုင်သည့်အခြေအနေတွင် တစ်ရပ်ကွက်လုံး ၀က်သားဟင်းကျွေးပြီး သားဖြစ်သူ မောင်ကျော်ကို ကိုရင်ဝတ်ပေးမည်ဆိုသည်မှာ မယုံကြည်နိုင်အောင်ဖြစ်နေသည်။

“အမေ…ထီပေါက်ထားလို့လား”

“အမေ…ထီမပေါက်ပါဘူးသားရယ်”

“ကျွန်တော်တော့ မစဉ်းစားတတ်အောင်ဖြစ်နေပြီ”

“နောက်တော့….သားလေး သိမှာပေါ့”

အမေ့ကို ဘာမှ မေးလို့မရတော့။ အမေ့ကိုကြည့်ရသည်မှာ မောင်ကျော် ကိုရင်ဝတ်နိုင်ရေးအတွက် တော်တော်လေး အားခဲထားဟန်ရှိသည်။ သို့သော် တစ်ခါတစ်ခါ အမေ့ကို ကြည့်ရသည်မှာ တစ်ခုခုကို စဉ်းစားပြီး ငေးငိုင်နေတတ်သည်။ မောင်ကျော်က မေးသော်လည်း ဘာမှ ပြန်မဖြေ။

♥♥♥♥♥

သည်လိုနှင့် မောင်ကျော်ကို ဘုန်းကြီးကျောင်းတွင် ကိုရင်ဝတ်ပေးသည်။ အမေက ရပ်ကွက်သူ၊ ရပ်ကွက်သား များကို ၀က်သားဟင်းနှင့် ဧည့်ခံသည်။ အမေ့ကို ကြည့်ရသည်မှာ သားလေးကို ကိုရင်ဝတ်ပေးရသဖြင့် ပျော်ရွှင် နေပုံရသည်။

ရပ်ကွက်က လူအချို့က အမေ့ကို ထီပေါက်လို့ အခုလို အကျွေးအမွေးဖြင့် မောင်ကျော်ကို ကိုရင်ဝတ်ပေးတာလားဟု မေးကြသည့်အခါ အမေက မမေးကြပါနဲ့ဟုသာ တွင်တွင်ဖြေနေသည်။ တရားနာပြီးနောက် ရေစက်ချနေချိန်တွင် အမေ့မျက်နှာတွင် မျက်ရည်များစိုရွှဲနေသည်ကို ကိုရင်မောင်ကျော်မြင်နေရသည်။ အဖေသာ အမေ့အနားမှာ ရှိခဲ့လျှင် အမေ ၀မ်းနည်းပက်လက်ဖြစ်နေမည် မဟုတ်ပေ။ ရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာကို ခံစားလိုက်ရသည်။ ကုသိုလ်ကောင်းမှုအတွက် အမျှဝေပြီးချိန်တွင် အမေသည် ဘုန်းကြီးကို ကန်တော့ပြီးနောက် တဘက်ဖြင့် မျက်ရည်သုတ်နေသည်မှာ ကိုရင်မောင်ကျော် ရင်ထဲတွင် မချိအောင်ဖြစ်သွားသည်။

အဖေသာ ရှိလျှင် အမေသည် ယခုလောက် ငိုကြွေးနေမည်မဟုတ်။ သားကိုရင်ကို ကြည့်၍ မိဘနှစ်ပါး ပီတီဖြစ်နေ ပေလိမ့်မည်။ အမေ့သည် သားအတွက် တာဝန်တစ်ခု ထမ်းဆောင်ပြီးသွားသဖြင့် စိတ်ကို လျော့ချလိုက်ဟန်တူသည်။

ထိုနေ့တွင် အမေသည် ကိုရင်မောင်ကျော် ညအိပ်သီတင်းသုံးမည့် နေရာကိုလိုက်လံပို့ဆောင်ပေးပြီးနောက် မျက်ရည်အရွှဲသားနှင့် အိမ်ပြန်သွားသည်။ အမေ့နောက်ကျောကို ကြည့်ပြီး ကိုရင်မောင်ကျော် မျက်ရည်ကျမိသည်။

♥♥♥♥♥

နံနက် ၅ နာရီ တွင် အိပ်ယာမှ ထရသည်။ ဘုန်းကြီးကျောင်းမှ အခြား ရဟန်းသံဃာများနှင့်အတူ ဘုရားဝတ်တက် ရသည်။ ၅ နာရီခွဲတွင် အရုဏ်ဆွမ်း ဘုန်းပေးပြီးနောက် ရပ်ကွက်ထဲသို ဆွမ်းခံကြွရန် ပြင်ဆင်သည်။

ကိုရင်မောင်ကျော်က ဘုန်းကြီးကျောင်းရှိ သံဃာတော်များနှင့်အတူ စီတန်းပြီး ဆွမ်းခံကြွသည်။ ဦးဆောင်သံဃာတော်၏ နောက်မှ လိုက်ပြီး ရပ်ကွက် အတွင်း လှည့်လည်ဆွမ်းခံသည်။ စိတ်ထဲမှာ ကြည်နူးမိသည်။ သပိတ်လွယ်လျက် ဆွမ်းခံကြွလာသော သားကို အမေစောင့်မျှော်နေမည်မှာ အသေအချာဖြစ်သည်။

အမေသည် နံနက်စောစော အိပ်ယာမှထလျက် သားကိုရင်မောင်ကျော်နှင့် ရဟန်းသံဃာများအတွက် တစ်ယောက် တည်း မီးဖိုထဲမှာ ပင်ပင်ပန်းပန်း လုပ်ရရှာပေလိမ့်မည်။ အမေ့အနား အဖေများရှိခဲ့လျှင် သို့တည်းမဟုတ် ကူဖော်လောင်ဖက်များရှိခဲ့လျှင် ကောင်းပေလိမ့်မည်ဟု ဆွမ်းခံရင် ကိုရင်မောင်ကျော်တွေးတော မိလေသည်။

အမေ့အိမ်နားကို မရောက်မီ တဒုန်းဒုန်းဖြင့် အသံတွေကြားနေရသည်။ အနီးအနားမှာ ဘာတွေဖြစ်နေပါလိမ့်ဟု တွေးမိသည်။ အိမ်နားရောက်ခါနီးလေ အသံတွေက ပိုမိုကျယ်လောင်လာလေဖြစ်သည်။ အဝေးမှ လှမ်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကိုရင်မောင်ကျော် အံ့သြထိတ်လန့်သွားသည်။

မြင်လိုက်ရသည့်မြင်ကွင်းက အမေ စီးပွားရေးကောင်းခဲ့စဉ်က ဆောက်လုပ်ထားခဲ့သော အိမ်အမိုးသွပ်များ ခွါသူက ခွါနေကြသည်။ အိမ်အကာ ပျဉ်များကို ခွါသူက ခွါနေကြသည်။ ကိုရင်မောင်ကျော် အိနြေ္ဒမဆောင်နိုင်တော့ သပိတ်ကို ပွေ့ပြီး အိမ်ဝင်းထဲကို အပြေးဝင်သွားသည်။

ကိုရင်မောင်ကျော်သည် အိမ်ရှေ့သစ်ပင်အောက်တွင် ထိုင်ခုံကလေးတစ်လုံးနှင့်ထိုင်ပြီး ငိုနေသည့်အမေ့ကို တွေ့လိုက်ရသဖြင့် ရင်ထဲဆို့နင့်သွားသည်။

“အမေ…ဘယ်လို ဖြစ်ကုန်တာလဲ ပြောစမ်းပါဦး”

“ကိုရင်”

အမေက စကားကိုချက်ချင်း ပြန်မပြောနိုင်။ အမေ့ရင်ထဲတွင် မည်မျှ အပူမီးတောက်လောင်နေလိမ့်မည်နည်း။

“ပြောပါဦး…အမေရယ်”

“ကိုရင်…အမေက သူတို့ကို သားကိုရင်ထွက်ပြီးမှ လာဖျက်ယူလို့ပြောတာ မရဘူး”

“ကျွန်တော် နားမလည်ဘူးအမေ”

“ဒီလိုပါ ကိုရင်…အမေက သား ဘတ်စကားပေါ်က လိမ့်ကျစဉ်တုန်းက ဒီအသက်အရွယ်အထိ သင်္ကန်းစီးမပေးရသေး တာကို သတိရမိတယ်။ သားလေးမွေးထားပြီး တာဝန်မကျေခဲ့ဘူးလို့ထင်ခဲ့တယ်။ သားလေးသာ တစ်ခုခုဖြစ်ခဲ့ရင် အမေ သင်္ကန်းဝတ် မပေးလိုက်ရဘဲ ဖြစ်သွားမှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါ့ကြောင့် သားကို အမေ သင်္ကန်းဝတ်ပေးဖို့အတွက် ငွေလိုက်ချေးတယ်။ အဆင်မပြေဘူး။ အိမ်နဲ့ဝင်းကို သွားပေါင်ဖို့စဉ်းစားတော့ အတိုးအတွက် အမေစဉ်းစားတယ်။ အမေအတိုးပေးနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အမေ့အိမ်လေးကို အိမ်ဟောင်းဝယ်မယ့်သူကို သွားရောင်းတယ်”

“သြော်…အမေရယ်”

“အိမ်ဟောင်းဝယ်တဲ့သူကို သားလေး သင်္ကန်းချွတ်ပြီးမှ လာဖျက်ယူဖို့ သဘောတူခဲ့တာ။ ဒါပေမယ့်သားရယ်”

“ဒါပေမယ့်…ဘာဖြစ်လဲအမေ”

“အိမ်ဝယ်တဲ့သူက မနက်အစောကြီးရောက်လာပြီး တစ်ဆင့်ဝယ်တဲ့သူက ဒီကနေ့ လိုချင်တယ်။ အခုဖျက်ယူချင်တယ် လို့ပြောတယ်။ အမေက သူတို့ကို အမျိုးမျိုးတောင်းပန်ပါတယ်။ ဘယ်လိုပြောပြော မရဘူးသားရယ်။ သားမြင်တဲ့ အတိုင်း အခု အိမ်ကို ဖျက်ယူနေကြပြီလေ”

အမေ့ အသံသည် ဆို့နင့်နေသည်။ အမေတစ်ယောက်၏တာဝန်ကို ကျေပွန်ခဲ့သည့် အမေပါလား။

“အမေရယ်…ငိုမနေပါနဲ့တော့နော်…သားတို့ နှစ်ယောက် နေလို့ရတဲ့တဲကလေး ဆောက်ပြီး နေရလဲ ကျွန်တော် ၀မ်းမနည်းပါဘူး။ အမေ့ဆန္ဒတွေ ပြည့်ပြီပဲနော်”

“လိမ္မာလိုက်တဲ့သားရယ်…အမေလေ သားလေးကို သင်္ကန်းဝတ်ကလေးနဲ့မြင်လိုက်ရလို့ သေပျော်ပါပြီ။ အမေ့ကို ခွင့်လွှတ်နော်သား”

“ဘာအတွက်လဲ အမေ…အိမ်ကိစ္စလား။ သားက အမေ့ကို အပြစ်မတင်ပါဘူး”

“မဟုတ်ဘူးသား…အမေလေ…ဒီနေ့ ဆွမ်းမလောင်းလိုက်ရလို့ပါနော်”

“အမေရယ်…”

“ဟော…အတော်ပဲ…အကြော်သည်လာနေတယ်။ အမေ၀ယ်ပြီး သားကို ဆွမ်းလောင်းလိုက်မယ်နော်”

အမေက အကြော်သည်ကို လှမ်းခေါ်လိုက်သည်။ အကြော် ၅ ခုကို ၀ယ်ပြီးနောက် ကိုရင်မောင်ကျော်၏ သပိတ်ထဲကို လောင်းလှူလိုက်သည်။ ကိုရင်မောင်ကျော်က သင်္ကန်းကို ပြင်ဝတ်သည်။ သပိတ်ကိုပွေ့ယူလိုက်ပြီးနောက် နှေးကွေး သောခြေလှမ်းများဖြင့် ဘုန်းကြီးကျောင်းဆီသို့ ဦးတည်၍ထွက်ခွါသွားလေသတည်း။

(အိမ်ရောင်းပြီး ကိုရင်ဝတ်ပေးခဲ့သော အမေ့ကို ဤစာစုဖြင့် စုံဆယ်ဖြာလက်စုံမိုးပြီး ရှိခိုးကန်တော့အပ်ပါသည်။)

http://www.aktnml.blogspot.com/

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၅-၅-၂၀၁၂)(၁၂း၀၀)နာရီ

No comments: